最新訊息

၂၀၂၀မြန်မာနိုင်ငံ ဆောင်းရာသီသင်တန်း

2020-01-16

 

၂၀၂၀မြန်မာနိုင်ငံ ဆောင်းရာသီသင်တန်း

ကမ္ဘာအရပ်ရပ်ရှိ ပညာရေးလောကမှ နောက်တဖန်မျှော်လင့်နေသော အစီစဉ်သစ်

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ဆောက်ရေးအတွက် ထိုင်ဝမ်လင်ဂျူးတောင်သည် ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ်၏ လူသားဆိုင်ရာသိပ္ပံစင်တာနှင့် ကမ္ဘာအရပ်ရပ်ရှိ ပညာရေးဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်းရာသီသင်တန်းစီမံကိန်းများ ရေးဆွဲခဲ့ပါသည်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ကျော်ကြားသောပါမောက္ခ ၁၀ ဦးနှင့် ပညာရပ်နယ်ပယ်အသီးသီးမှ ကျောင်းသား ၂၅ဦးတို့သည် မြန်မာနိုင်ငံရန်ကုန်မြို့၌ ခေတ်မှီဆန်းသစ်သော စမ်းသပ်ပညာရေးသင်ရိုးညွှန်းတမ်းသစ်ဖြင့် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ပထမကြိမ်မြောက် ဆောင်းရာသီသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ ဤသင်တန်း၌ နယ်ပယ်အသီးသီးစုပေါင်းထားသော သုတေသနနည်းပညာသစ်များဖြင့် ဂေဟဗေဒအန္တရာယ်ဖြေရှင်းမှု၏အရင်းမြစ်---နည်းဗျူဟာသစ်တစ်ခုဆီသို့ ဟူသောခေါင်းစဉ်အတွက် လက်တွေ့စီမံကိန်းများအား ဆွေးနွေးခဲ့ပြီး အကြံဉာဏ်သစ်များစွာ ရရှိခဲ့ပါသည်။ သို့ဖြစ်၍ ဤဆောင်းရာသီသင်တန်းသည် မြန်မာနိုင်ငံမီဒီယာများ၏ စိတ်ဝင်စားမှုများသာမက ကမ္ဘာတဝှမ်းရှိပညာရှင်များ၏ အသိအမှတ်ပြုခြင်းများကိုလည်း ရရှိခဲ့ပါသည်။

သင်တန်းကာလ ၁၄ရက်သာ တိုတောင်းသော်လည်း သင်တန်း၏ဆွေးနွေးမှုများသည် သင်တန်းနှင့်တကွ မပြီးဆုံးသွားချေ။ သင်တန်းချိန်ပြီးနှစ်ဝက်ခန့်အချိန်တွင်း၌ သင်တန်းသားများသည် ဆရာများနှင့်ဆက်လက်ဆွေးနွေးတိုင်ပင်၍ တစ်ဦးချင်းစီနှင့် အုပ်စုလိုက် သုတေသနစာတမ်း စုစုပေါင်း ၁၅ စောင်အား တင်ပြနိုင်ခဲ့ပြီး စာတမ်းစစ်ဆေးချက်များလည်းအောင်မြင်သဖြင့် အမှတ်များလည်း ရရှိခဲ့ပါသည်။ ဤအောင်မြင်သောမှတ်တမ်းသစ်သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ စံချိန်တင်ထိုက်သော ပထမဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်ပါသည်။

ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်း အပတ်စဉ်-၁ ၏ ဆရာတပည့်များသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် တက္ကသိုလ်တည်ထောင်သူ အရှင်စင်တောက်အား လည်ပတ်ရန် လင်ဂျူးတောင်သို့ အတူရောက်ခဲ့ကြပြီး သင်တန်းပြီး၁နှစ်တာကာလအတွင်း မိမိတို့၏ပြောင်းလဲမှုများအား မျှဝေခဲ့ကြသည်။ ထိုင်ဝမ်မှသင်တန်းသား Joseph သည် သင်တန်း၌ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားခြင်းသည် တန်ဖိုးကြီးမားကြောင်း နားလည်ခဲ့ပြီး ဤနှိုးကြားမှုအား ဆက်လက်ထိန်းသိမ်းခြင်းသည် ပို၍ခက်ခဲကြောင်း၊ ဤနှိုးကြားခြင်းသည်လျှင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အဓိကတန်ဖိုးဖြစ်ကြောင်း မျှဝေခဲ့သည်။ ရုရှားမှသင်တန်းသား Evgeny Parfenov နှင့် Elizaveta Parfenova တို့သည် နောင်လာမည့် အပတ်စဉ်-၂ မှ ဂျူနီယာများအား သင်တန်း၏ပို့ချမှုများသည် အလွန်ပြင်များပြားသောကြောင့် မိမိ၏စိတ်အာရုံအား အချိန်ပြည့်စူးစိုက်စေနိုင်မှသာလျှင် ပို့ချမှုများအား အပြည့်ဝခံယူနိုင်မည်ဖြစ်ကြောင်း သတိပေးသည်။

ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်း အပတ်စဉ်-၁ ၏သင်ရိုးများအရ ကမ္ဘာ့ရပ်ဝန်းအသီးသီးမှ သင်တန်းသားများသည် နှစ်ပတ်မျှသာရှိသော အချိန်ကာလအတွင်း၌ ပညာစည်းပူးခြင်း၊ အချင်းချင်းဆွေးနွေးတိုင်ပင်၍ အတွေးခေါ်များမျှဝေခြင်းအားဖြင့် ကြီးမားသောပြောင်းလဲမှုများ တပြေးညီတည်း ဖြစ်ပေါ်လာကြသည်။ အတွင်းစိတ်အား ပြောင်းလဲစေသော သင်ကြားမှုများအရ အပြင်လောက၌ လက်တွေ့ပြောင်းလဲမှုများ ချက်ချင်းလုပ်ဆောင်လာကြသည်။ ဆရာကသာ တစ်ဖက်သက်ပို့ချပေးသော သာမန်သင်ကြားမှုများနှင့် မတူပဲ  ဆောင်းရာသီသင်တန်း၏ သင်ရိုးညွှန်းတန်းသည် သင်တန်းသားများ အချင်းချင်းဆွေးနွေးတိုင်ပင်စေခြင်းဖြင့် လူသားများ၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှင့် နိုင်ငံတကာဆိုင်ရာဂေဟဗေဒပြဿနာများဖြေရှင်းရေးလှုပ်ရှားမှု နှိုးကြားစေရေးအား ပို၍အလေးပေးထားသည်။ နောင်အနာဂတ်တွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီးသည် လူ့စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားရေးအား အဓိကပြုသော တက္ကသိုလ်တစ်ခု ဖြစ်မြောက်နိုင်ရန် မျှော်မှန်းထားသည်။

အားလုံးမျှော်လင့်နေသော ၂၀၂၀ခုနှစ် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်း အပတ်စဉ်-၂ ၏ ခေါင်းစဉ်မှာ  ကမ္ဘာမြေကြီးအားကုသပေးခြင်း--- ဂေဟဗေဒနှင့် သိပ္ပံနည်းပညာတို့၏ ပြောင်းလဲလှုပ်ရှားမှု ဖြစ်သည်။ အပတ်စဉ်-၁ မှရရှိသော အတွေ့ကြုံများနှင့် သင်တန်းသားများ၏ အကြံပြုချက်များအရ အပတ်စဉ်-၂ ၌ သိပ္ပံနည်းပညာအသုံးချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ကောင်းကျိုးသက်ရောက်စေသင့်သော တာဝန်နှင့် ဝတ္တရားများအား အဓိကဆွေးနွေးစေ၍ ကမ္ဘာတဝန်းမှ အောင်မြင်ခဲ့သော လုပ်ငန်းစဉ်များအကြောင်းကိုလည်း ရှာဖွေစုဆောင်းစေမည်။ အရှင်စင်တောက်သည် ဤအပတ်စဉ်၌လည်း ကမ္ဘာမြေကြီးအတွက် အကျိုးရှိသော ဉာဏ်ပညာများဖြစ်ထွန်းနိုင်ပြီး လက်တွေ့လုပ်ငန်းစဉ်များလည်း စတင်အကောင်ထည်ဖော်နိုင်ရန် မျှော်မှန်းထားသည်။

၂၀၁၉ခုနှစ် စက်တင်ဘာလ၌ ကျင်းပခဲ့သော ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးအစည်းအဝေးက “ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် လူသားများ ရင်ဆိုင်ခဲ့ရသော ခြိမ်းခြောက်မှုများအနက်  အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ခေါင်းဆောင်မဆို လက်ပိုက်၍ ကြည့်မနေသင့်” ဟုသတိပေးသည်။ ဆွီဒင်နိုင်ငံမှ ၁၆နှစ်အရွယ်သာရှိသေးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားသူ Greta Thunberg ကလည်း “ကမ္ဘာကြီးက ပြိုကွဲနေပြီ။ လူသားတွေက ဒုက္ခတွေ ခံစားနေရပြီ။ ဂေဟဗေဒစနစ်ကြီးကလည်း ပျက်ဆီးနေတယ်။ အကယ်၍ သင်ဟာ ဒီအကြောင်းတွေသိရက်သားနဲ့ ဘာမှမလုပ်သေးဘူးဆိုရင် သင်ဟာ ယုတ်မာသူတစ်ယောက်ပဲ” ဟုပြောဆိုခဲ့သည်။ ဤစိတ်မကောင်းစရာ အပြောဆိုများသည် ကမ္ဘာမြေကြီးအား ပြုပြင်ထိန်းသိမ်းခြင်းသည် မနှောင့်နှေးသင့်တော့ကြောင်း၊ လူသားတိုင်းတွင်တာဝန်ရှိကြောင်း၊ ဆောင်ပုဒ်ကြီးသက်သက်သာ မဖြစ်သင့်ကြောင်း၊ ကိုယ်တစ်ယောက်မပါဝင်လည်း ဘာမျှခြားနားမည်မဟုတ်ဟု မယူဆသင့်ကြောင်း ထောက်ပြပေးထားသည်။

ပညာရေးသည် လင်ဂျူးတောင်၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး စိတ်ပိုင်းအသိဉာဏ်ဆိုင်ရာပညာရပ်သည် ဆောင်းရာသီသင်တန်း၏ အများနှင့်မတူသော တမူထူးခြားသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ အရှင်စင်တောက်က “ ဆရာတော်တို့ လုပ်ဆောင်ရမှာက ကမ္ဘာကြီးကို ကောင်းကျိုးသက်ရောက်စေဖို့ပါပဲ။ ဘာသာရေးနဲ့ လူရဲ့ကောင်းမြတ်တဲ့စိတ်ထားတွေကို နိုးကြားလည်ပတ်စေမယ်ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းကို ပြောင်းလဲစေပြီး သဘာဝပတ်ဝန်းကျင်ကြီးကို နဂိုအတိုင်း ပြန်ဖြစ်စေချင်တယ်။ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်စောင့်ရှောက်မှုနဲ့ ပရော်ဖက်ရှင်နယ်ပညာရပ်တွေကို ပူးပေါင်းစေပြီး လူ့အဖွဲ့စည်းတခုလုံး အတူတူမှီကိုးနိုင်တဲ့ နည်းစနစ်ကြီးတစ်ခု တည်ဆောက်ချင်ပါတယ်“ ဟု မိန့်ကြားသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ဆောက်ရေးသည် ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေး ဟူသောပန်းတိုင်အား ရည်စူး၍ဖြစ်သည်။ ဤပန်းတိုင်နောက်ကွယ်ရှိ ပညာရေးရည်မှန်းချက်မှာမူ လူသားအချင်းချင်းစာနာထောက်ထားခြင်း၊ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နိုးကြားစေခြင်းဖြင့် လူသားအားလုံး နိုးကြားရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပေါ်ရန်လှုံ့ဆော်ပေး၍ တကမ္ဘာလုံးဆိုင်ရာရာသီဥတုအကျပ်အတည်းများ ပြောင်းလဲစေရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူနေမှုဘဝပုံစံပြောင်းလဲနိုင်မှသာလျှင် လူသားများ၏အနာဂတ်ကံကြမ္မာကြီးကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လူသားအားလုံးကို မည်သည့်နည်းစနစ်ဖြင့်ဖြစ်စေ၊ မည်သည့်အချိန်နေရာ၌ဖြစ်စေ ဤကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသော၊ ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသော ကုသရေးလှုပ်ရှားမှုကြီးထဲ အတူတကွ ပူးပေါင်းပါဝင်စေချင်ပါသည်။ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသော မျိုးစေ့လေးများ ကမ္ဘာအနှံ့မျိုးချ၍ ကမ္ဘာကြီးအား သတ္တဝါအားလုံး အတူတကွ ငြိမ်းချမ်းစွာ ပေါင်းသင်းနေထိုင်နိုင်သော ပျိုးခင်းကြီးအဖြစ် တည်ဆောက်နိုင်မှသာလျှင် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကြီးသည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။

English(ver.)→ https://tv.093.org.tw/en/news-detail/419
Chinese(ver.)→ https://tv.093.org.tw/news-detail/418

Back Home