最新訊息

နှိုးကြားရေးလှုပ်ရှားမှုဖြင့် ကမ္ဘာမြေကြီးအား ကုသ၍ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေးဖြင့် ကမ္ဘာလုံးဆိုင်ရာမိသားစုကြီးတစ်ခု တည်ဆောက်အံ့

2020-02-17


ကမ္ဘာမြေကြီး၌ ဖြစ်ပွားနေသော ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာမြေကြီးအား ဂေဟဗေဒဆိုင်ရာအကျပ်အတည်းများ သက်ရောက်စေသည့်အပြင် သဘာဝသယံဇာတများသည်လည်း တစ်နေ့တစ်ခြား ကုန်ခန်းလာလေသည်။ ထို့ကြောင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကြီးကလည်း  “ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် လူသားများ ရင်ဆိုင်ခဲ့ရသော ခြိမ်းခြောက်မှုများအနက်  အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ခေါင်းဆောင်မှ လက်ပိုက်၍ ကြည့်မနေသင့်” ဟုသတိပေးခဲ့သည်။ ဤမျှစိုးရိမ်ဖွယ်ရှိသော ကမ္ဘာမြေကြီး၏  ဂေဟဗေဒစနစ်အား ကယ်တင်နိုင်ရန် ထိုင်ဝမ်လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ တည်ထောင်သူ အရှင်စင်တောက်သည် “ကမ္ဘာမြေကြီးအတွက် တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ကြရအောင်” ဟု လှုံ့ဆော်ခဲ့ရာ ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ်၏ လူသားဆိုင်ရာသိပ္ပံစင်တာနှင့် ကမ္ဘာအရပ်ရပ်ရှိ ပညာရေးဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီး၌ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်လေတော့သည်။

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ဆောင်းရာသီသင်တန်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်၌ နှစ်နှစ်ဆက်တိုက် ဖွင့်လှစ်ခဲ့ရာ နိုင်ငံပေါင်း၁၄နိုင်ငံမှ ထင်ရှားကျော်ကြားသော ပညာရှင်များနှင့် နယ်ပယ်အရပ်ရပ်မှ ကျောင်းသား တစ်ရာကျော်တို့၏ ဉာဏ်ပညာဖြင့်  ကမ္ဘာမြေကြီးကုသရေးအတွက် အထောက်ကူပြုနိုင်သော လက်တွေ့လုပ်ဆောင်ချက်များ ရှာဖွေနိုင်ခဲ့သည်။ လူသားများ၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားခြင်းအား အစပြု၍ ၂၀၁၉၌ ဖွင့်လှစ်ခဲ့သော ပထမကြိမ်မြောက်ဆောင်းရာသီသင်တန်း “ဂေဟဗေဒအန္တရာယ်ဖြေရှင်းမှု၏အရင်းမြစ်---နည်းဗျူဟာသစ်တစ်ခုဆီသို့ ”၏ နိဂုံးအား အခြေခံကာ ၂၀၂၀ ဒုတိယကြိမ်မြောက်ဆောင်းရာသီသင်တန်း“ ကမ္ဘာမြေကြီးအားကုသပေးခြင်း--- ဂေဟဗေဒနှင့် သိပ္ပံနည်းပညာတို့၏ ပြောင်းလဲလှုပ်ရှားမှု  ”တွင်မူ  သိပ္ပံနည်းပညာအသုံးချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ကောင်းကျိုးသက်ရောက်စေသင့်သော တာဝန်နှင့် ဝတ္တရားများအား ဆက်လက်တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ဆောက်ရေးသည် ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေး ဟူသောပန်းတိုင်အား ရည်စူး၍ဖြစ်သည်။ ဤပန်းတိုင်နောက်ကွယ်ရှိ ပညာရေးရည်မှန်းချက်မှာမူ လူသားအချင်းချင်းစာနာထောက်ထားခြင်း၊ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နိုးကြားစေခြင်းဖြင့် လူသားအားလုံး နိုးကြားရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပေါ်ရန်လှုံ့ဆော်ပေး၍ တကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒအကျပ်အတည်းများ ပြောင်းလဲစေရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူနေမှုဘဝပုံစံပြောင်းလဲနိုင်လျှင် လူသားများ၏အနာဂတ်ကံကြမ္မာကြီးကို ပြောင်းလဲနိုင်ကာ ကမ္ဘာမြေကြီးအားကုသပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတက္ကသိုလ်ငါးခု တည်ထောင်နိုင်ခဲ့ပြီး သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံခဲ့ရသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် ရှေးနှစ်ပေါင်း၂၅၀၀ကျော်ကတည်းက  ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့သည် အတူတကွအသက်ရှင်နေထိုင်လိုပါက အလုံးစုံသောသက်ရှိနှင့် ၎င်းတို့၏ နေထိုင်မှုဘဝအား လေးစားရမည်ဟု ဟောကြားခဲ့ကြောင်း မိန့်ကြားဖူးသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် အရှင်စင်တောက်၏  ကြိုးပမ်းမှုများအတွက် အလွန်ပြင်ဝမ်းမြောက်ကြောင်း၊ အရှင်စင်တောက်နှင့် မိမိသည် ခံယူချက်များတူညီ၍  တူညီသောသစ်တစ်ပင်မှ ဖြာထွက်လာသောအကိုင်းများဖြစ်လေရာ ကမ္ဘာမြေကြီးကုသရေးအတွက် အချင်းချင်းရိုင်းပင်းကူညီသင့်ကြောင်း မိန့်ကြားခဲ့လေသည်။  အရှင်စင်တောက်ကလည်း စိတ်ပိုင်းအသိဉာဏ်ဆိုင်ရာပညာရပ်သည်  ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်း၏  တမူထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း မိန့်ကြားဖူးသည်။ လူသားများ၏   စိတ်ပိုင်းဆိုင်ရာအသိဉာဏ်များကို  ဆောင်းရာသီသင်တန်းတွင် နည်းပညာအမျိုးမျိုးဖြင့် နှိုးကြားစေသည်။ သင်တန်းသားများ၏ တစ်နေ့တာအား နံနက်အရုဏ်လင်းချိန်တွင် ယောဂလေ့ကျင့်၍  စတင်စေပြီး ညအချိန်တွင် တရားထိုင်၍ အဆုံးသတ်စေသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်ကြီးဆီသို့လည်း သွားရောက်လည်ပတ်စေကာ မွန်မြတ်သော ဗုဒ္ဓအရောင်အဝါများအား ထိတွေ့ခံယူစေသည်။ ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်ကြီး၏ အရင်းမြစ်မှာ သက်ရှိသတ္တဝါတို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ဖြစ်သည်။ ဤစိတ်ပိုင်းဆိုင်ရာအသိဉာဏ်သည် အလုံးစုံသောသတ္တဝါ၏ အတွင်းစိတ်များအား အချင်းချင်း ချိတ်ဆက်ပေးထားသည်။ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်သည် နိုးကြားလာပါက ၎င်းဆက်နွယ်မှုကိုသတိပြုမိနိုင်ပြီး သတ္တဝါအားလုံးအချင်းချင်းမှီခိုရှင်သန်နေရသော ဂေဟဗေဒစနစ်ကြီးကိုလည်း နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။ ထိုမှစ၍ လူသားတို့သည် အလုံးစုံသောသတ္တဝါပေါ်၌ မေတ္တာဂရုဏာစိတ်များ ပွားများနိုင်ပြီး မိမိ၏ လူနေမှုဘဝပုံစံအား ပြောင်းလဲနိုင်လာကာ အခက်ခဲနှင့် အပြောင်လးများ ကြုံတွေ့နေရသော ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်ကြီးအား နဂိုအနေထားသို့ ပြန်လည်ရောက်ရှိလာစေနိုင်မည်ဖြစ်သည်။

၂၀၂၀ ဆောင်းရာသီသင်တန်းတွင်  ကမ္ဘာတဝှမ်းရှိ နယ်ပယ်အရပ်ရပ်မှ ထူးချွန်သော ဆရာနှင့် သင်တန်းသားများသာမက  ဂေဟဗေဒဆိုင်ရာပြဿနာ၏ အရေးပါမှုအား သိရှိနားလည်လာသော မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ဆရာတပည့်များသည်လည်း  ဝင်ရောက်ပါဝင်ခဲ့သောကြောင့် ဆရာတော်အရှင်စင်တောက်သည်  ဝမ်းသာပီတိများစွာဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ဤသင်တန်းတွင် လူနေမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အကြား ပဋိပက္ခ ဖြစ်ပေါ်ရသော အကြောင်းရင်းများ၊ ဂေဟေဗဒေသဘောတရားအား လက်တွေ့အသုံးချနိုင်သော အနုပညာရပ်အဖြစ် ပြောင်းလဲပေးနိုင်သောနည်းလမ်းများ စသည်များကို စာတမ်းများပြုစုခြင်း၊ အုပ်စုလိုက်ဆွေးနွေးခြင်းများပြုလုပ်ခြင်းနှင့် အခန်းကဏ္ဏမတူညီသော လူပဂ္ဂိုလ်များအဖြစ် သရုပ်ဆောင်ကာဆွေးနွေးတိုင်ပင်ခြင်း စသည်နည်းအမျိုးမျိုးဖြင့်  ဘာသာရပ်အသီးသီးအား စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ဖြင့် ချိတ်ဆက်ထားလေရာ  သင်တန်းသို့ တက်ရောက်လာသော ကမ္ဘာအရပ်ရပ်မှ ပညာရှင်များနှင့် သင်တန်းသားများအား အမြဲပျော်ရွှင်တက်ကြွစေသည်။ ဤသို့အပြန်အလှန်ဆွေးနွေးစေနိုင်သော သင်ရိုးညွှန်းတမ်းများသည် သင်တန်းသားတို့၏ စိတ်ဝင်စားမှုနှင့် တက်ကြွစွာပါဝင်မှုတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ  အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအသင်း၏ တည်ထောင်သူ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာနေထွန်းမှလည်း ၎င်း၏ပြောကြားမှုများအား “သမိုင်းကိုမသိသောသူများသည် သမိုင်း၏အပြစ်ပေးခြင်းခံရလိမ့်မည်”  “သင်၏မနက်ဖြန်သည် သင်၏ယနေ့လုပ်ရပ်များအပေါ်မှုတည်ပေသည် ” ဟု အစချီပြောကြားခဲ့လေရာ သင်တန်းတွင်းနှင့် မြန်မာနိုင်ငံမီဒီယာများ၏ အရေးထားမှုများသာမက  ကမ္ဘာ့ပညာရေးလောက၌လည်း တုံ့ပြန်မှုများစွာ ရရှိခဲ့သည်။

ဤဆောင်းရာသီသင်တန်း အပတ်စဉ်-၂ တွင် မြန်မာနေ့ တစ်ရက် သတ်မှတ်ထားသည်။ ထိုနေ့တွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ပညာရှင်မှ  လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် အကြောင်းနှင့် လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ဝင် ဆရာလေးဟိန်မင်မှ နောင်မွန်ကျေးရွာရှိ အော်ဂဲနစ်စိုက်ပျိုးရေးခြံ၏ ပညာရေးနှင့် စိုက်ပျိုးရေး လုပ်ဆောင်မှုများအကြောင်း မျှဝေပေးသွားသည်။ ထို့အပြင် သင်တန်းကြီးသည် သက်ဆိုင်ရာ ပညာရှင်များအားဖိတ်ခေါ်ကာ မြန်မာနိုင်ငံ ဥပဒေရေးရာနှင့်အုပ်ချုပ်ရေးဆိုင်ရာအခွင့်အလမ်းများ၊ မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေနေများ၊ ပြည်တွင်းပြည်ပမှ သဘာဝပတ်ဝင်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားကာ သဘာဝပတ်ဝင်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍  မြန်မာနိုင်ငံ၏ လက်ရှိနှင့်  အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အခြေနေများအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဤဆောင်းရာသီသင်တန်း၏ သင်ရိုးညွှန်းတန်းသည် သဘာဝပတ်ဝင်းကျင်ထိန်းသိမ်းရေးနှင့် စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ထိန်းသိမ်းရေးအား ဆက်စပ်ထားပြီး လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့်  နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံမှာ ဤသဘောတရားအား လက်တွေ့အကောင်ထည်ဖော်နေသော အရေးကြီးလုပ်ငန်းစဉ်များ ဖြစ်လေတော့သည်။

မြန်မာနိုင်ငံရှိ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့၏ ပညာရေးစီမံကိန်းမှာ အသေးစိတ်ကျ၍ ပြီးပြည့်စုံသော  စီမံကိန်းကြီးတစ်ရပ်ဖြစ်သည်။ ဤစီမံကိန်းအရ  ရန်ကုန်တွင် ဘွဲ့လွန်သင်တန်းဌာနတစ်ခုနှင့် ပဲခူးတွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်အတွက် သတ်မှတ်ထားသောမြေနေရာတစ်ကွက် စီစဉ်ပေးထားသည်။ လားရှိုးမြို့နယ် နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံရှိ  မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်မူ မူလတန်းမှစ၍ ကောလိပ်အဆင့်ရှိ အသက်မွေးဝမ်းကျောင်းများ စီစဉ်ပေးထားလေသည်။  ဤသို့သော ပညာဘာသာရပ်များစွာ စုပေါင်းထားသည့်  ပညာရေးစီမံကိန်းကြီးသည် ရှေးအစဉ်ကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော မြန်မာနိုင်ငံတော်ကြီးအား ယခုခေတ်ကာလ၏ တိုးတက်ပြောင်းလဲမှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးသက်ရောက်မှုများ ရင်ဆိုင်နိုင်သည့် နည်းလမ်းကောင်းများ မျှဝေစေလိုသည်။ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသော သင်တန်းသားများအား သင်ကြားပို့ချပေးခြင်းဖြင့် ကမ္ဘာတဝှမ်း၌ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသော မျိုးစေ့များ မျိုးချပေးကာ သိပ္ပံနည်းပညာဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးသက်ရောက်စေသော လက်တွေ့အသုံးချမှုများဆောင်ရွက်ခြင်းကိုလည်း လှုံ့ဆော်စေလိုသည်။ ဤသို့လှုံ့ဆော်ရခြင်းမှာ ကမ္ဘာမြေကြီးအား ရေရှည်တည်တံ့ဖွံ့ဖြိုးသောပန်းတိုင်သို့ ဦးတည်စေလို၍ဖြစ်သည်။ ကမ္ဘာမြေကြီးအား ရေရှည်တည်တံ့ဖွံ့ဖြိုးသောပန်းတိုင်သို့ ရောက်ရှိစေလို့ငှာ ဆရာတော်အရှင်စင်တောက်သည် လူသားအားလုံး မည်သည့်နည်းစနစ်ဖြင့်ဖြစ်စေ၊ မည်သည့်အချိန်နေရာ၌ဖြစ်စေ ဤကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသော ကုသရေးလှုပ်ရှားမှုကြီးထဲသို့ အတူတကွ ပူးပေါင်းပါဝင်ပါရန် မေတ္တာရပ်ခံအပ်လေသည်။ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသည့်မျိုးစေ့လေးများ ကမ္ဘာအနှံ့ရောက်ရှိ၍ ကမ္ဘာမြေကြီးအား သတ္တဝါအားလုံး အတူတကွ ငြိမ်းချမ်းစွာ ပေါင်းသင်းနေထိုင်နိုင်သော ပျိုးခင်းကြီးအဖြစ် တည်ဆောက်နိုင်မှသာလျှင် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်သည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။

English: https://tv.093.org.tw/en/news-detail/445
Chinese 中文: https://tv.093.org.tw/news-detail/444

Back Home