最新訊息

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ ကမ္ဘာမြေကြီး ချစ်မြတ်နိုးခြင်းလမ်းစဉ်အစ နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံမှ

2020-07-28

 

ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးခြင်းဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်လက်တွေ့လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သလို အခြားနိုင်ငံ၏ အတွေ့အကြုံများ နှီးနှောဖလှယ်ရယူ၍ ပူးပေါင်းလုပ်ဆောင်ခြင်းသည်လည်း အလွန်အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံအစိုးရနှင့် အီတလီနိုင်ငံ အခြေစိုက် NGOအဖွဲ့စည်းတစ်ခုဖြစ်သည့် Istituto Oikos နှင့် ပူးပေါင်းလုပ်ကိုင်သည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ထိန်းသိမ်းရေးနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာစီမံကိန်း သည် ဒေသခံပြည်သူများနှင့် သဘောထား ကောင်းမွန်စွာ ညှိနှိုင်းနိုင်ခဲ့ပြီး အဏ္ဏဝါစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဗဟုသုတများကိုလည်း အချင်းချင်းမျှဝေနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်အား အောင်မြင်စွာ ထိန်းသိမ်းနိုင်သည့်အပြင် ဒေသခံတို့၏ လူနေမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။ ထိုနည်းတူပင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဦးစီးလုပ်ကိုင်သည့် နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးသည်လည်း အော်ဂဲနစ်စိုက်ပျိုးရေးကဏ္ဍတွင် ဒေသခံတောင်သူများ၏ စံပြဖြစ်လာခဲ့ပြီး စိုက်ပျိုးရေးနည်းပညာအတွေ့ကြုံများသာမက ဇီဝမြေသြဇာနှင့် အခြားစိုက်ပျိုးရေးသုံးပစ္စည်းများကိုလည်း ဒေသခံများအား ပေးကမ်းမျှဝေနိုင်ခဲ့သည်။ ရှမ်းပြည်နယ်အစိုးရကိုလည်း ဇီဝဓာတ်မြေသြဇာ ကီလို၂၀၀၀ ပေးကမ်းလှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် လုပ်ငန်းများသည် ကမ္ဘာအနှံ့လုပ်ဆောင်လျက်ရှိရာ ကျွန်ုပ်တို့အားလုံး လက်စုံတွဲ၍ ရှေ့ဆက်လှမ်းချီနိုင်ပါက ကမ္ဘာမြေကြီး၏ အနာဂတ်မနက်ဖြန်သည် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။


ရေထွက်သတ္တဝါအား အလွန်အကျွံဖမ်းဆီးခြင်းအား ရှောင်ရှားခြင်းဖြင့် အဏ္ဏဝါဂေဟစနစ်ကြီးအား စောင့်ရှောက်ထိန်းသိမ်း

မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသည့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကြီးတွင် လန်ပိကျွန်းမကြီး အပါအဝင် ကျွန်းကြီးကျွန်းငယ် စုစုပေါင်း၂၀ခု ပါရှိသည်။ ဤကျွန်းများတွင် ရွေ့ပြောင်းနေထိုင်သူများနှင့် ဆလုံ တိုင်းရင်းသားလူမျိုးများ နေထိုင်ကြသည်။ ဒေသတဝန်းရှိ ကုန်းမြေနှင့် ပင်လယ်မှ ရှားပါးသစ်ပင်နှင့် ပင်လယ်သတ္တဝါ မျိုးပေါင်း၅၀ကျော်အား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၁၉၉၆ခုနှစ်မှစ၍ ဤအမျိုးသားဥယျာဉ်ကြီးအား တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများ၏ ငါးနှင့်အခြား ပင်လယ်သတ္တဝါများအား အလွန်အကျွံဖမ်းဆီးကြ၍ မျိုးသုန်းပျောက်ကွယ်မှု အန္တရာယ်များ ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနနှင့်  Istituto Oikos တို့မှလက်တွဲ၍ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ထိန်းသိမ်းရေးနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာစီမံကိန်းအား စတင်ခဲ့ခြင်းဖြစ်သည်။

လန်ပိကျွန်း မျိုးသားဥယျာဉ် ထိန်းသိမ်းရေးနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း၏ စီမံကိန်းမန်နေဂျာ Elisa က ဤစီမံကိန်းကြီး ယခုကဲ့သို့ အောင်မြင်နိုင်ခြင်းမှာ ဒေသခံပြည်သူများ၏ ထောက်ခံချက် ရရှိနိုင်ခဲ့ခြင်းနှင့် ကောင်းကျိုးရလဒ်များ အတူတကွမျှဝေခံစားနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဒေသခံတို့နှင့်အတူ သတင်းအချက်အလက်များ အတူစုဆောင်း၍ ၎င်းတို့၏ လိုလားချက်များ နားထောင်ပြီး သူတို့၏ ဓလေ့ထုံးစံများကိုလည်း နားလည်သဘောပေါက်နိုင်ခဲ့သောကြောင့် လက်တွေ့ကျသော စီမံကိန်းအား ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုပါသည်။ စီမံကိန်းအား အကောင်ထည်ဖော်ရာတွင်လည်း နှစ်ဦးနှစ်ဘက်စလုံးမှ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြရာ ဒေသခံ ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝသည်လည်း တိုးတက်ပြောင်းလဲမှုတချို့ ရှိလာခဲ့သည်။

စီမံကိန်းဖော်ဆောင်ရေးအဖွဲ့မှ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းပွဲများ၊ ပညာပေးသင်တန်းများ ပြုလုပ်ပေးခြင်းဖြင့် ၎င်းတို့အား ပင်လယ်သတ္တဝါ အလွန်အကျွံဖမ်းဆီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ နားလည်စေခဲ့သည်။ ဒေသခံတို့အတွက် အလုပ်အခွင့်အလမ်းများဖော်ဆောင်ရာတွင် ဂေဟဗေဒဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများ၊ ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ခရီးသွားလာရေးလုပ်ငန်းသင်တန်းများ လည်း ဖွင့်လှစ်ပေးသည်။ သင်တန်းဆင်း ဒေသခံတို့သည် ဧည့်လမ်းညွှန်လုပ်ငန်းများဖြင့် စားဝတ်နေရေး အဆင်ပြေလာကြသောအခါ စီမံကိန်း စီစဉ်သူများအပေါ် ယုံကြည်မှု ရှိလာကြပြီး စီမံကိန်းကြီးကိုလည်း အားပေးထောက်ခံလာခဲ့ကြသည်။ ဒေသခံတို့နှင့် ဆွေးနွေးညှိနှိုင်းရာတွင် ၎င်းတို့အား စီမံကိန်းကြီး ဤသို့ရေးဆွဲရသည့် အကြောင်းရင်းများကိုလည်း နားလည်အောင် ရှင်းပြရသည်။ လက်တွေ့တွင် ပါဝင်လုပ်ကိုင်စီမံနိုင်သည့် အခွင့်အရေးများလည်း ပေးရသည်။ ဤမှသာလျှင် ၎င်းတို့က လန်ပိကျွန်း အမျိုးသားဥယျာဉ်၏ဖွံ့ဖြိုးတိုးတက်မှုသည် မိမိ၏ ကိုယ်ပိုင်တာဝန်ကဲ့သို့ သဘောထား၍ ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်သည်။ စီမံကိန်းအား အကောင်ထည်ဖော်ရာတွင် စိန်ခေါ်မှုများလည်း ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် တချို့ စီမံကိန်းနှင့် ဆက်စပ်သော ဒေသခံများက အခြားသူများ၏ ထင်မြင်ချက်အား လက်မခံနိုင်၍ ဆုံးဖြတ်ချက်ချရာတွင် လုပ်ငန်းစဉ်များအား ပို၍ ရှုပ်ထွေးစေခဲ့သည်။ ဤစိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းကျော်လွှားရန် နည်းလမ်းကောင်းများကိုလည်း စဥ်းစားတွေးခေါ်ရန် လိုအပ်ပါသည်။


ဂေဟစနစ်ထိန်းသိမ်းမှုအောင်မြင်သည့်သာဓက နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံ

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်နည်းတူပင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံသည်လည်း မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားမှ နည်းပညာရှင်များ ပူးပေါင်း၍ အောင်မြင်မှု ရရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ စီမံကိန်းတစ်ရပ်ဖြစ်သည်။ ဤစိုက်ပျိုးရေးခြံကြီးသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ မိန့်ကြားချက်အရ  ၂၀၀၅ခုနှစ်စတင်ဖော်ဆောင်စဥ်ကပင် သဘာဝကို ဖျက်စီးစေသော ဓာတုဓာတ်မြေသြဇာ လုံးဝအသုံးမပြုပဲ သီးနှံများအား အခြားမြက်ပင်၊ မြေစာပင်များနှင့်အတူ ရောနှောရှင်သန်စေသည့် ရှေးရိုးကျ စိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသည်။

လင်ဂျူးတောင် နောင်မွန်စိုက်ပျိုးရေးခြံ၏ လက်ရှိတာဝန်ခံ ဆရာလေးချန်လော့က ခြံတွင်း၌ လုပ်ဆောင်နေသည့် ပိုးမွှားတိုက်ဖျက်ရေး၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးနှင့် ဇီဝမြေသြဇာထုတ်လုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးလုပ်ငန်းအားလုံးကို ဂေဟစနစ်ကြီးအား မထိခိုက်စေရေးအတွက် ဓာတုပစ္စည်းများ လုံးဝမသုံးစွဲပဲ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသောစနစ်ဖြင့် ပြုလုပ်နေပါသည်ဟု ပြောကြားပါသည်။ ပိုးမွှားတိုက်ဖျက်ရေးအတွက် ဓာတုပိုးသတ်ဆေးများ သုံးစွဲမည့်အစား အနံ့သက်ပြင်းသော စပါးလင်များ စိုက်ပျိုးပြီး စပါးလင်များ ရှင်သန်ကြီးထွားစေရန်အတွက် ဓာတုမြေသြဇာများ အသုံးပြုမည့်အစား အဏုဇီဝပိုးမွှားဓါတ်မြေဩဇာများသာ သုံးစွဲသည်ဟု လည်း ဆရာလေးကဆိုသည်။

"လူသားတွေလိုပါပဲ။ ဝမ်းမီးညံ့ရင် ဝမ်းနဲ့သက်ဆိုင်တဲ့ဆေးတွေ သောက်ကြတယ် မဟုတ်လား။ ဒီအဏုဇီဝပိုးမွှားဓါတ်မြေဩဇာဟာလည်း မြေကြီးအတွက် ဆေးပါပဲ။ ဒီမြေသြဇာထုတ်လုပ်တဲ့နည်းက ထိုင်ဝမ်ကလာတဲ့ နည်းပညာအသစ်။ Fungi လို့ခေါ်တဲ့ မှိုတွေကို  အသုံးပြုပြီး မြေသြဇာထုတ်လုပ်တဲ့ နည်းပညာ။ ဆရာလေးတို့ အခုထုတ်လုပ်တဲ့ အဏုဇီဝပိုးမွှားဓါတ်မြေဩဇာထဲမှာဆိုရင် မြေဆီလွှာကို ပြောင်းလဲပြုပြင်ပေးနိုင်တဲ့မှို ရှစ်မျိုးလောက် ပါဝင်တယ်။ Bacillus subtilis နဲ့ Trichoderma စတဲ့ စိုက်ပျိုးရေးအထောက်ကူပြုမှိုတွေက မြေဆီလွှာတွေကို ရောဂါပိုး ကာကွယ်နိုင်တဲ့ ခုခံအားတွေ တိုးမြှင့်ပေးနိုင်တဲ့အပြင် စိုက်ပျိုးရေးအတွက် ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ တခြားပိုးမွှားတွေကိုလည်း လျှော့နည်းစေနိုင်တယ်။ "ဟု ဆရာလေးချန်လော့မှ  ရှင်းပြသည်။

၂၀၁၈ ခုနှစ်မှစ၍ နောင်မွန်စိုက်ပျိုးရေးခြံကြီးထဲတွင် ပုစဉ်းနီလေးများ၊ ဖားလေးများ၊ ဂဏန်းကောင်လေးများနှင့် ပျားကောင်လေးများ အများအပြား စတင်တွေ့ရှိခဲ့ပါသည်။ နေဝင်ဆည်းဆာချိန်တွင် ကောင်းကင်ပေါ်၌ သိန်းငှက်ကြီးများ အုပ်လိုက်ပျံသန်းနေသည်ကိုလည်း တွေ့မြင်နိုင်သည်။ ဤသတ္တဝါများ စိုက်ပျိုးရေးခြံအနီးတစ်ဝိုက်တွင် ကျက်စားနေထိုင်လာခြင်းမှာ ခြံကြီး၏ ဂေဟစနစ် ပြီးပြည့်စုံလာသည့် သင်္ကေတလက္ခဏာပင် ဖြစ်ပါသည်။ ပြီးပြည့်စုံသော ဂေဟစနစ်ကွင်းစက်များ အောင်မြင်စွာဖွဲ့စည်းပြီးသည်နှင့် ခြံတွင်းရှိ သတ္တဝါများသည် တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် ထိန်းညှိနိုင်၍ စိုက်ပျိုးရေးအတွက် မြေဆီလွှာ၊စိုက်ပျိုးစားသုံးသူနှင့် အခြားတိရစ္ဆာန်များအား အန္တာရာယ်ဖြစ်စေနိုင်သည့် ဓာတုမြေသြဇာများ၊ ပိုးသတ်ဆေးများ သုံးစွဲရန် လိုအပ်တော့မည် မဟုတ်။

ယခုအခါတွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏  နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးသည် လားရှိုးမြို့၏ စံပြစိုက်ပျိုးရေးခြံတစ်ခြံ ဖြစ်မြောက်လာပြီဖြစ်သည်။ ဤခြံကြီး၏ ပြီးပြည့်စုံသော ဂေဟဗေဒစနစ်နှင့် အောင်မြင်သည့် အတွေ့အကြုံများကြောင့် လာရောက်လေ့လာသူ တဖြည်းဖြည်းများလာကြသည်။ အစိုးရဘက်မှလည်း ဤအော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးအား အသိမှတ်ပြုလာခဲ့သည်။ ၂၀၁၉ ဒီဇင်ဘာလ ၄ရက်နေ့တွင် ကျင်းပသည့် လင်ဂျူးတောင် မဟာကုသလရာမကျောင်းတိုက် မြရတနာစိတ္တသုခဓမ္မာရုံသစ်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး အော်ဂဲနစ်စိုက်ပျိုးရေးခြံကိုလည်း ကွင်းဆင်းလေ့လာခဲ့သည်။ လင်ဂျူးတောင် မဟာကုသလရာမကျောင်းတိုက်မှ ဆရာလေးချန်လော့က ခြံအတွင်းရှိ စိုက်ပျိုးရေးနည်းစနစ်များ၊ လုပ်ငန်းအခြေနေများ စသည်များကို ရှင်းလင်းတင်ပြခဲ့သည့်အပြင် ရှမ်းပြည်နယ်ရှိ ဒေသခံတောင်သူလယ်သမားများအား ထောက်ပံ့ကူညီရန်အတွက် ရှမ်းပြည်နယ်အစိုးရကိုလည်း ဇီဝမြေသြဇာ ကီလို ၂၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် မိမိတို့၏ မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးနည်းပညာများကိုလည်း ပညာပေးသင်တန်းများဖွင့်လှစ်၍ အနီးရှိ ဒေသခံများအား ဖြန့်ဝေပေးမည့်အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်ထံ တင်ပြခဲ့သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) ဦးဆောင်သော လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်အား ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ပြန့်ပွားသွားစေလိုသည်။

ဂေဟဗေဒစနစ်အတွင်းရှိ သက်ရှိသက်မဲ့တို့သည် အချင်းချင်း ဆက်စပ်မှုများရှိပြီး အပြန်အလှန်အကျိုးပြုနိုင်ကြသည်။ ထို့ကြောင့် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) အ မြဲမိန့်ကြားသော သတ္တဝါအပေါင်းတို့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေထားဖြင့် သဟဇာတဖြစ်ပြီး အေးချမ်းစွာ ပေါင်းသင်းနေထိုင်သည့် ဂေဟဗေဒဆိုင်ရာကျင့်ဝတ်သည် သတ္တဝါအားလုံးအတွက် အလွန်အရေးပါလှသည်။ ကမ္ဘာမြေ၏ဂေဟဗေဒအကြောင်း လေ့လာမည်ဆိုပါက လူသားတို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှင့် ဝတ္ထုပိုင်းဆိုင်ရာအသိဉာဏ် နှစ်ခုစလုံးကို ပေါင်းစပ်သင့်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံများနှင့်  ဆွေးနွေးပူးပေါင်းလုပ်ဆောင်ပါက  ၎င်းတို့၏ရှုထောင့်မှ ရှုမြင်တတ်နိုင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးအမြတ်များ မျှဝေခံစားနိင်မည် ဖြစ်ပါသည်။ နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံ၏ စိုက်ပျိုးရေးစီမံကိန်းကြီးသည် ကမ္ဘာမြေကြီးအပေါ်ထားရှိသော မေတ္တာစေတနာစိတ်အား အခြေခံ၍ ဒေသခံတောင်သူများအပေါ်လည်း မေတ္တာဂရုဏာစိတ် ပွားများနိုင်သောကြောင့် ခြံကြီး၏ ဂေဟဗေဒစနစ်သာမက ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ပြောင်းလဲလာနိုင်ခဲ့ခြင်းဖြစ်သည်။  မေတ္တာဂရုဏာစိတ်ရှေ့ထားသော ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) ၏ ကမ္ဘာမြေကိုချစ်မြတ်နိုးခြင်း၊ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးခြင်းဟူသောဆောင်ပုဒ်သည် လားရှိုးမြို့ နောင်မွန်စိုက်ပျိုးရေးခြံအတွက်သာမက လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နောင်အနာဂတ်တွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဖြစ်မြောက်အောင် ဆက်လက်ကြိုးစား ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

English

Chinese 中文

Back Home