最新訊息

ကမ္မဋ္ဌာန်းနှင့် သိပ္ပံနည်းပညာများဖြင့် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကမ္ဘာမြေကြီးအား ကုစားနိုင်ရန် လက်တွေ့ဖော်ဆောင်

2020-07-30

 

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မဟာကုသလရာမကျောင်းတိုက်၌ ကျင်းပခဲ့သော ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ “ကမ္ဘာမြေကြီးအားကုစားခြင်း--- ဂေဟဗေဒနှင့် သိပ္ပံနည်းပညာတို့၏ ပြောင်းလဲလှုပ်ရှားမှု”ဆောင်းရာသီ နှစ်ပတ်သင်တန်းသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ဤသင်တန်းတွင် ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် ပါမောက္ခများဖြင့် ထူးချွန်ထက်မြက်သော သင်တန်းသူသင်တန်းသားများသည် သိပ္ပံနည်းပညာဖြင့် ဂေဟဗေဒစနစ်အား ပြောင်းလဲနိုင်သည့် နည်းပညာများ လေ့လာသင်ကြားခဲ့ကြသည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) သည် ကမ္ဘာမြေကြီးနှင့် ဂေဟဗေဒစနစ်အား ချစ်မြတ်နိုးသောကြောင့် လူသားအားလုံး၏ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီးအား တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး၏ မေတ္တာတရား အမျှော်အမြင်ကြီးမားမှုအား လေးစားကြည်ညိုသောအားဖြင့် ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန်သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်ရေးလုပ်ငန်းအတွက် အလှူတော်ငွေ လှူဒါန်းရန် ဆန္ဒရှိကြောင်း ဆရာတော်ကြီးအား လျှောက်ထားခဲ့သည်။ ထို့ကြောင့် ဒုတိယကြိမ်မြောက် ဆောင်းရာသီသင်တန်း၏ သင်တန်းဆင်းပွဲတွင် ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ ရန်ကုန်မန်နေဂျင်ဒါရိုက်တာ ဦးစိုးကြည်သည် ဥက္ကဋ္ဌ ဦးလီကျိန်းချန်ကိုယ်စား ဆရာတော်ကြီးထံသို့ အလှူတော်ငွေ မြန်မာကျပ်ငွေ သိန်း၂၀၀၀တိတိ လှူဒါန်းခဲ့ပါသည်။
 

သင်တန်းဆင်းပွဲတွင် သင်တန်းချိန်ကာလအတွင်း ရိုက်ကူးထားသည့် အမှတ်တရ ဗွီဒီယိုမှတ်တမ်းအား ထုတ်လွင့်ပြသခဲ့သည်။ သင်တန်းတက်ရောက်သူများသည် ဗွီဒီယိုကြည့်ရှုရင်း သင်တန်းကာလတစ်လျှောက် အတူတကွ ပျော်ရွှင်ခဲ့ရသည့် အချိန်ခါများအား ပြန်လည်သတိရခဲ့ကြပြီး စိတ်ကြည်နူးခဲ့ကြ၍ သင်တန်းဆင်းပွဲသည် ရယ်သံများ စည်ဝေနေလေတော့သည်။ သင်တန်းကာလ၌ ရွှေတိဂုံစေတီတော်တွင် ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်းနှင့် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူရေလှောင်ကန်များကို သွားရောက်လေ့လာခဲ့ ကြပါသည်။  သင်တန်းသို့ လာရောက်သင်ကြားပေးသော ပါမောက္ခများအား ကျေးဇူးတင်သောအားဖြင့် ဆရာတော် ဘဒ္ဒန္တကုသလမှလည်း ၎င်းတို့အား လက်ဆောင်အမှတ်တရပစ္စည်းများကို တစ်ဦးချင်းစီ ပေးအပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံမှ သင်တန်းသား မောင်ဖြိုးဝေက သင်တန်းနှင့်ပတ်သက်သည့် သူ၏ ခံစားချက်များ မျှဝေခဲ့သည်။ သူ၏ မျှဝေချက်များအရ သူသည် သင်တန်းအစတွင် စိတ်လှုပ်ရှားမှုရှိခဲ့သလို တွေဝေမှုများလည်းရှိခဲ့သော်လည်း သင်တန်းကာလတွင် နံနက်အချိန်တွင်ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညအချိန်တွင် တရားထိုင်ခြင်းများပြုလုပ်ရသဖြင့် စိတ်၏တည်ငြိမ်မှုများရရှိ၍ သင်တန်း၏ ကောင်းကျိုးများကိုလည်း တဖြည်းဖြည်း နားလည်လာနိုင်ခဲ့သည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ဂေဟဗေဒဆိုင်ရာအကျပ်အတည်းများ စဉ်ဆက်မပျက် ဖြစ်ပွားနေပြီး ဤအကျပ်တည်းများအား သက်ဆိုင်ရာကဏ္ဍနှင့်ဘာသာရပ်ပေါင်းစုံ ပေါင်းစပ်၍ ဖြေရှင်းနိုင်မှသာလျှင် အောင်မြင်နိုင်မည်ကိုလည်း သဘောပေါက်ခဲ့သည်။ သင်တန်းတွင်း၌ သင်တန်းဖော်များနှင့် ဆွေးနွေးခွင့်ရ၍ သူ၏ တွေးခေါ်မှုများသည် သမားရိုးကျတွေးခေါ်မှုဘောင်အတွင်းမှ ဖောက်ထွင်းလာနိုင်ခဲ့ကြောင်းကိုလည်း မောင်ဖြိုးဝေက ၀မ်းသာအားရ ပြောပြခဲ့သည်။ ထို့အပြင် မောင်ဖြိုးဝေသည် သင်တန်းပြီးဆုံးခဲ့သော်လည်း မိမိ၏ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့်စိတ်သည် နေ့စဉ်နေထိုင်မှုဘဝတွင်း၌ ဆက်လက် ရှင်သန်နေ၍ ဂေဟဗေဒစနစ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကိုလည်း မိမိတတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပြောပြခဲ့ပါသည်။

 

ယခုကြိမ်မြောက် ဆောင်းရာသီသင်တန်းတွင် သင်တန်းသားများအား တရားထိုင်စေခဲ့ရာ အားလုံးကလည်း ဤစီစဥ်မှုကို နှစ်သက်စွာ ပါဝင်ခဲ့ကြသည်။ ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ်မှ ပါမောက္ခ Michael von Brückက ရှုမှတ်ခြင်းသည် တရားထိုင်ခြင်း၏ အရေးကြီးသည့် အပိုင်းတစ်ပိုင်းဖြစ်ပြီး ကျွန်ုပ်တို့အား အာရုံစူးစိုက်၍ အရာအားလုံးကို ပိုမိုလေးနက်စွာ တွေ့မြင်ခံစားစေနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။။ ထို့ကြောင့် တရားထိုင်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်အား နှိုးကြားနိုင်သည့်အပြင် ဤအသိဉာဏ်ဖြင့် မိမိနှင့်တကွ ကမ္ဘာမြေကြီးကိုပါ ကုစားပေးနိုင်သည်။ ကျွန်ုပ်တို့သည် မိမိ၏ ပတ်ဝန်းကျင်၌ ဖြစ်ပွားနေသော အရာအားလုံးကို လေးနက်စွာ တွေ့မြင်ခံစားနိုင်မှသာလျှင် အခြားသောသူတို့အား ကျွန်ုပ်တို့၏နည်းတူ ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နောင်မွန်ရှိ မဟာကုသလရာမ ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ အကောင်းဆုံးသော သာဓက ဖြစ်သည်ဟုလည်း ပါမောက္ခ Michael von Brückက ပြောကြားသွားသည်။ ခေတ်ရေစီးကြောင်းတွင်း၌ နေထိုင်နေရသော ကျွန်ုပ်တို့အတွက် ပြောင်းလဲခြင်းဆိုသည်မှာ မရှိမဖြစ်ဖြစ်ကြောင်းကိုလည်း ပါမောက္ခက ရှင်းပြသည်။ လူသားတို့သည် ပတ်ဝန်းကျင်အလျောက် မိမိတို့၏ နေထိုင်မှုစရိုက်အား ပြောင်းလဲပြုပြင်နိုင်ခဲ့သောကြောင့် ယနေ့အထိ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများ ဆက်လက်ရှင်သန်စေရေးအတွက် ပြောင်းလဲသည့်သတ္တိနှင့် ကမ္ဘာကြီးအား ချစ်မြတ်နိုးသည့်စိတ် ရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယခုလက်ရှိကျင့်သုံးနေသော နေထိုင်မှုစရိုက်အား ပြောင်းလဲ၍ လူ့နေထိုင်မှုစနစ်ဖြင့် ကမ္ဘာမြေကြီးအား ကုစားခြင်းများ မလုပ်ဆောင်နိုင်ပါက ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကြီးများ ကမ္ဘာမြေပေါ်သို့ ဆိုက်ရောက်လာနိုင်ကြောင်းကိုလည်း ပါမောက္ခ Michael von Brückမှ ပြောပြခဲ့သည်။

 

ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) မှလည်း လာရောက်သင်ကြားပေးသော ပါမောက္ခများနှင့် လှူဒါန်းငွေ လှူဒါန်းပေးသော ဖူလီလိုက်ကုမ္ပဏီအုပ်စုမှ ဒါယိကာ ဒါယိကာမများကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့သည်။ အားလုံး၏ ကူညီပံ့ပိုးမှုကြောင့်  ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်ရေးအတွက် ယုံကြည်ချက်များ ပို၍များပြားလာပြီဖြစ်ကြောင်းကိုလည်း ဆရာတော်က မိန့်ဆိုသည်။ ဂေဟစနစ်ဆိုသည်မှာ သတ္တဝါအားလုံး အချင်းချင်းမှီခိုရှင်သန်ရသည့် အနေထားတွင် တည်ရှိနေသောကြောင့် မိမိ၏ အတွင်းစိတ်နှင့် အပြင်ရှိ သဘာဝပတ်ဝန်းကျင်အား မျှတအောင် ထားရှိနိုင်သည့်  စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဤစိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားခြင်းသည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။ ဤမှသာလျှင် လူသားတို့သည် မိမိအတွင်းစိတ်၏ လိုအပ်ချက်များကို သိရှိခံစားနိုင်၍ မိမိ၏ အတွင်းစိတ်နှင့် အပြင်ရှိ သဘာဝပတ်ဝန်းကျင်များကို မှန်ကန်သည့်နည်းလမ်းများဖြင့် မျှတစွာ ထားရှိနိုင်ပြီး ဂေဟဗေဒဆိုင်ရာ အကျပ်တည်းများကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

 

သင်တန်းဆင်းပွဲ၏နိဂုံးတွင် ဆရာတော်ကြီးသည် သင်တန်းတက်ရောက်သူများအား ဆောင်းရာသီသင်တန်း၏ အဓိက သင်ကြားမှုနှစ်ခုဖြစ်သော ကမ္မဋ္ဌာန်းနှင့် သိပ္ပံနည်းပညာအား မမေ့ပျောက်စေရန် သတိပေးသည်။ ကမ္မဋ္ဌာန်းသည် လူသားတို့၏စိတ်ကို ငြိမ်းချမ်းစေပြီး စိတ်ပိုင်းဆိုင်ရာအသိဉာဏ်အား နှိုးကြားစေနိုင်သည်။ ငြိမ်းချမ်းသောစိတ်ရှိမှသာလျှင် အပြုသဘောဆောင်သည့်စွမ်းအင်များသည် အရာအားလုံးနှင့် ပဲ့တင်ထပ်နိုင်ပြီး ပဋိပက္ခများသော၊ မျှတမှုမရှိသော သတ္တဝါအပေါင်းတို့အား ငြိမ်းအေးစေနိုင်မည်ဖြစ်သည်။ ဤငြိမ်းအေးခြင်းသည်  စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှိုးကြားမှုမှ ရရှိလာသောစွမ်းအားများဖြစ်သည်။ နောက်သင်ကြားမှုတစ်ခုဖြစ်သော သိပ္ပံနည်းပညာသည် လက်ရှိလူသားတို့၏ လုပ်ရပ်များကြောင့် ယိုယွင်းပျက်စီးနေပြီဖြစ်သော ကမ္ဘာမြေကြီးအား ကုစားရေးအတွက် မရှိမဖြစ် လိုအပ်သည့် အချက်တစ်ချက် ဖြစ်သည်။ သိပ္ပံနည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်မှသာလျှင် ကမ္ဘာမြေကြီးအား ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

 

၂၀၂၀ခုနှစ် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဒုတိယကြိမ်မြောက်ဆောင်းရာသီသင်တန်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ သို့ရာတွင် ဤသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသားများနှင့် ပါမောက္ခများအတွက် သင်တန်းပြီးဆုံးခြင်းသည် အဆုံးတစ်ခုမဟုတ်ပဲ ၎င်းတို့၏ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးချစ်မြတ်နိုးခြင်း လက်တွေ့လုပ်ငန်းများ၏  အစတစ်ခုလည်း ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာမြေကြီး၏ ဂေဟစနစ်ထိန်းသိမ်းရေးအတွက် မျိုးဆက်သစ်များဖြစ်သလို ဆရာတော် ဘဒ္ဒန္တကုသလဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်းစဉ်နှင့်အတူ ရှေ့ဆက်လျှောက်လှမ်း၍ ကမ္ဘာမြေကြီးအား သတ္တဝါအားလုံး အတူတကွ ငြိမ်းချမ်းစွာ ပေါင်းသင်းနေထိုင်နိုင်သော ပျိုးခင်းကြီးအဖြစ် တည်ဆောက်နိုင်မည့် ပျိုးပင်လေးများလည်း ဖြစ်ပါလေတော့သည်။

English

Chinese 中文

Back Home