最新訊息

ဘဝငြိမ်းချမ်းရေး တက္ကသိုလ်တွင် ကျော်ကြားသည့် ပညာရှင်များ စုဝေး၍ ကမ္ဘာမြေ၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးတိုင်ပင်

2020-08-14

 

ဘဝငြိမ်းချမ်းရေး တက္ကသိုလ် စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်း၏ သင်ရိုးများနှင့် ဟောပြောပွဲများသည် အားလုံး စိတ်ဝင်စားဖွယ်ကောင်းပြီး ဆရာ၊ဆရာမတို့၏ သင်ကြားမှုများသည်လည်း အလွန်ကောင်းမွန်၍ သင်တန်းသားများအတွက် များစွာ အကျိုးရှိသည်။ “လှုံ့ဆော်ခြင်းနှင့်ပြောင်းလဲခြင်း----ရဲစွမ်းသတ္တိနှင့် ထိုးဖောက်သိမြင်နိုင်သည့်စွမ်းအား” ဟူသည့် ခေါင်းစဥ်ဖြင့် သင်တန်းချိန်တွင် ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ် လူ့သိပ္ပံစင်တာ ဌာနမှူး ပါမောက္ခ Eva Ruhnau၊ အမေရိကန် ယေးလ်တက္ကသိုလ် Haskins ဓာတ်ခွဲခန်း ဌာနမှူးနှင့် သုတေသနဦးဆောင်ညွှန်ကြားရေးမှူး ပါမောက္ခ Kenneth Pugh၊ ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ်၏ လူ့သိပ္ပံသုတေသနစင်တာမှ ပါမောက္ခ Michael von Brück တို့ ဦးဆောင်၍ သင်ကြားပေးခဲ့သည်။ ၎င်းတို့သည် သင်တန်းချိန်တွင် အပြန်အလှန်နှီးနှောဖလှယ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ လူ့ ဦးနှောက်၏ဖွဲ့စည်းပုံ၊ အပြင်လောကမှ သတင်းလက်ခံရရှိခြင်းနှင့် တရားထိုင်ခြင်းတို့၏ ဆက်နွယ်ပုံ၊ ပြောင်းလဲခြင်း၏ လှုံ့ဆော်ချက် စသည့်ကဏ္ဍများဖြင့် လူသားတို့အား ကမ္ဘာမြေကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လှုပ်ရှားလာစေရန် လှုံ့ဆော်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဆွေးနွေးတင်ပြခဲ့ကြသည်။

 

သင်တန်းတွင် ပါမောက္ခ Eva Ruhnauက လူနေမှုဘဝအတွေ့အကြုံနှင့် ဂေဟစနစ်လည်ပတ်မှုတို့နှင့် ဆက်နွယ်မှုများကြောင့် လူသားတို့သည် အပြန်အလှန်ပြောဆိုညှိနှိုင်းရာတွင် တစ်ဘက်သတ်အစွဲတစ်ခုအား စွဲမြဲစွာ ခံယူတတ်သည့် စိတ်စွန်းကွက်မှုများ ရှိလာနိုင်ကြောင်း ပြောပြသည်။ သို့သော် ၎င်းစိတ်စွန်းကွက်မှုသည် လူသားတို့ အချင်းချင်း အပြန်အလှန်နှီးနှောဖလှယ်ရာတွင် နားလည်မှုကိုတိုးမြှင့်စေ၍ ပြောဆိုညှိနှိုင်းခြင်းကို အောင်မြင်စေနိုင်သည်။ လူသားတို့တွင် ပြန်လည်သုံးသပ်နိုင်စွမ်းရှိ၍ အခြားသတ္တဝါနှင့်မတူသော လူသားတို့သည် အပြင်လောကမှ သတင်းအချက်အလက်များ လက်ခံရရှိသည်နှင့် နောက်ဆက်တွဲမည်သို့လုပ်ဆောင်ရမည်ကို သုံးသပ်နိုင်စွမ်းရှိသည်။ လူ့အဖွဲ့အစည်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ အတိတ်မှအောင်မြင်သောအတွေ့အကြုံများကို အခြေခံ၍ စံနှုန်းများချမှတ်ခြင်းသည် လူသားများအား ဆုံးဖြတ်ချက်များကို ပို၍လွယ်ကူစွာချမှတ်စေနိုင်လိမ့်မည်ဟုလည်း ပါမောက္ခ Eva Ruhnaက ပြောကြားသွားပါသည်။

 

ပါမောက္ခ Kenneth Pugh ကမူ ယခုခေတ်တွင် ဦးနှောက်လှုပ်ရှားမှုများအား တိုင်းတာ၍ ဦးနှောက်သည် မည်သို့လည်ပတ်နေကြောင်း၊ မည်သို့စဉ်းစားတွေးခေါ်နေကြောင်းကို လေ့လာနိုင်သည့် စက်ကိရိယာများစွာ ရှိနေပြီဖြစ်ကြောင်းပြောပြသည်။ ဥပမာ နျူကလီးယားသံလိုက်ပဲ့တင်ရိုက်ခတ်မှုနည်းပညာသည် ဦးနှောက်လှုပ်ရှားမှုအား လေ့လာနိုင်သည့် နည်းပညာတစ်ခုပင်ဖြစ်သည်။ ကြားမြင်နိုင်ခြင်းနှင့် စကားပြောဆိုနိုင်ခြင်းသည် လူသားများ၏သဘောသဘာဝဖြစ်လေရာ ကျောင်းတက်၍သင်ယူရန် မလိုအပ်ပါချေ။ သို့ရာတွင် သူတစ်ပါး၏ ပြောဆိုမှုအား ဂရုတစိုက် နားဆင်ပေးနိုင်ခြင်း၊ စာဖတ်နိုင်ခြင်းနှင့် စာရေးနိုင်ခြင်းတို့သည် ယဉ်ကျေးမှုဓလေ့နှင့် ဆက်နွှယ်နေလေသည်။ ထို့ကြောင့် ရုပ်ပုံ၏အဓိပ္ပာယ်ကိုအနက်ဖွင့်နိုင်ခြင်း၊ စာလုံးများမှ သတင်းအချက်လက်များ ရယူနိုင်ခြင်းစသည့် စွမ်းရည်များသည် သင်ယူရသည့် စွမ်းရည်များဖြစ်သည်။ လူသားတို့၏ ဦးနှောက်သည် လုပ်ဆောင်ချက် အဆင့်များစွာရှိသည့် အရာဝတ္ထုတစ်ခုဖြစ်သည်။ ဦးနှောက်၏ အစိတ်အပိုင်းများသည် အချင်းချင်း ချိတ်ဆက်ထားပြီး ညွှန်ကြားချက်များ လက်ခံရရှိသောအခါ အာရုံကြောများသည် ဆက်သွယ်ချိတ်ချက်ခြင်းများ ပြုလုပ်နိုင်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ကိုယ်အင်္ဂါများကို ချိတ်ဆက်ပေးနိုင်သောကြောင့် တိကျသော စက်ကိရိယာတစ်ခု လုပ်ဆောင်နေပုံနှင့် အလွန်တူညီလှသည်ဟု ပါမောက္ခ Kenneth Pugh မှ ခိုင်းနှိုင်းပြောဆိုသွားသည်။

 

ပါမောက္ခ Kenneth Pugh သည် လူသားတို့၏ ဦးနှောက်လှုပ်ရှားမှုနှင့် ကမဋ္ဌာန်း၏ ဆက်နွယ်မူများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ တရားအမြဲထိုင်ခြင်းသည် လူ့ဦးနှောက်၏ စိတ်လှုပ်ရှားမှုနှင့် ထိန်းချုပ်မှုများ လုပ်ဆောင်ပေးနိုင်သည့် အစိတ်အပိုင်းများအား သိသာထင်ရှားစွာ အထောက်ကူပြုသည်။ စိုးရိမ်စိတ်နှင့် အလိုဆန္ဒစိတ်တို့သည် လူသားများအား စိတ်ရောကိုယ်ပါ အနှောက်ယှက်ဖြစ်စေသည်။ တရားထိုင်ခြင်းသည် လူတို့၏ အာရုံစူးစိုက်မှုကို တိုးတက်စေနိုင်ပြီး ထိုအနှောက်ယှက်များမှ လွှတ်ကင်းစေနိုင်သည်။ ထို့ကြောင့် အိန္ဒိယရှိ အချို့လူများသည် မိမိ၏ စိတ်နှင့်ကိုယ်ခန္ဓာတို့ကို ငြိမ်သက်မှုများ ရနိုင်စေရေးအတွက် ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းများ ပြုလုပ်ကြခြင်းဖြစ်သည်။

 

လူသားများ အပြန်အလှန်ပြောဆိုညှိနှိုင်းပုံနှင့် လူ့ ဦး နှောက်၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာခြင်းသည် လူသားတို့အား အပြောင်းလဲများ ပြုလုပ်ရန် လှုံ့ဆော်ပေးနိုင်သည့် လှုံ့ဆော်ချက်များကို နားလည်လာနိုင်စေသည်။ သမိုင်းမှကြည့်မည်ဆိုလျှင် လူတို့သည် ခက်ခဲကြမ်းတမ်းသော ဘဝဖြစ်စဉ်များ ကြုံတွေ့ရသောအခါ ပြောင်းလဲမှုများ ပြုလုပ်လေ့ရှိကြသည်ဟု ပါမောက္ခ Michael von Brück ကပြောပြသည်။ ဥပမာအားဖြင့် မာတင်လူသာနှင့် ဂန္ဒီတို့သည် သူတို့၏ဘဝတွင် မျှတသောဆက်ဆံမှုများ မရရှိခဲ့ကြသောကြောင့် ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ကြသည်။ ပြောင်းလဲမှုများအား အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်ကို ဖန်တီးနိုင်ရမည်။ သူတကာနှင့် အပြန်အလှန်ပြောဆိုညှိနှိုင်းနိုင်ရမည်။ စီမံချက်များကိုလည်း တစ်ဆင့်ချင်းစီ ချမှတ်နိုင်ပြီး ကိုယ်စီမံထားသည့်အတိုင်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နိုင်ရမည်။  ကိုယ်ဆန္ဒနှင့် မတူညီသော အရာများကိုလည်း သည်းခံနိုင်ရမည်။ ထိုမှသာလျှင် နှစ်ဦးနှစ်ဖက်လုံး အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သည်။ ဤအတွက် ဂန္ဒီ၏ "မပူးပေါင်းရေးလှုပ်ရှားမှု"( Non-cooperative movement) သည် အလွန်အောင်မြင်သော သာဓကတစ်ခုပင်ဖြစ်သည်။

 

ပါမောက္ခ Michael von Brückက ပြောင်းလဲမှု လှုံ့ဆော်ချက်၏ နောက်ကွယ်တွင် စိတ်ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုများ ရရှိဖို့လိုအပ်ကြောင်းလည်း ပြောပြခဲ့သည်။ ထို့အပြင် ပြောင်းလဲမှုများကို လူအများနှင့် အတူလုပ်ဆောင်၍ ခံစားချက်များ မျှဝေခြင်းသည်လည်း အရေးပါကြောင်း ရှင်းပြသည်။ ကမ္ဘာမြေကြီးအား ရေရှည်တည်မြဲစေလိုပါက ကျွန်ုပ်တို့အားလုံးသည် လူနေမှုပတ်ဝန်းကျင် အဆင့်အတန်းကို အသိအမှတ်ပြုနိုင်ရမည်။ ထိုမှသာလျှင် ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို အားလုံးနှင့်လက်တွဲ၍ ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်။ ပါမောက္ခ Michael von Brückက ဂျာမနီနိုင်ငံမှ ပျားများကို ကာကွယ်ပေးရန်အတွက် ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဥပမာအဖြစ် ဖော်ပြခဲ့သည်။ ပျားများကို ကာကွယ်ပေး ရန်အတွက် ဂျာမန်ပြည်သူလူထု အများစုသည် အစိုးရအား ဖိအားများပေးခဲ့သောကြောင့် ထိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပနိုင်ခဲ့ပြီး အပြောင်းလဲများ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ပါမောက္ခသုံးဦး၏ ရှင်းလင်းတင်ပြချက်များသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး သင်တန်းရှိ အခြားဆရာ၊ဆရာမများနှင့်တကွ သင်တန်းသူ၊သင်တန်းသားတို့မှ စိတ်အားထက်သန်စွာ နှီးနှောဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလကလည်း သင်တန်းရှိ ဆရာ၊ဆရာမများအား သင်တန်းတွင် မိမိတတ်စွမ်းသမျှ အတတ်ပညာများ သင်ကြားပို့ချပေးခဲ့သောကြောင့် အထူးကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့သည်။ ဆရာတော်က ကျွန်ုပ်တို့အားလုံးလည်း ဘဝ၏ အဓိကတန်ဖိုးအား တွေ့ရှိအောင် ရှာဖွေကြရန် အားပေးခဲ့သည်။ လူ့ဘဝတွင် အဓိကအားထားရာ အတွေးအခေါ်များ ရှိမှသာလျှင် လူသားတို့သည် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများ မကုန်မခန်း ဖြစ်ပေါ်လာနိုင်ပြီး ဘဝအား အကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်သည်။ ဆရာတော်က ကမဋ္ဌာန်းနှင့် လူ့ဦးနှောက်၏ ဆက်နွယ်ပုံများကိုလည်း ဖြည့်တင်းရှင်းပြခဲ့သည်။ "လူသားတွေရဲ့ ဦးနှောက်ဆိုတာ အမှန်အားဖြင့်တော့ ဘာမှမရှိပါဘူး။ သိနိုင်၊ ခံစားနိုင်တဲ့ အသိဉာဏ်ဆိုတာပဲ ရှိပါတယ်။ အသိဉာဏ်က အပြင်လောကရဲ့ သတင်းအချက်လက်တွေကို ရယူနိုင်တာကြောင့် စိတ်ဆိုတဲ့အရာဟာ အလုပ်လုပ်နိုင်ခဲ့ပါတယ်။ တရားထိုင်ခြင်းအားဖြင့် မမှန်ကန်သောအသိဉာဏ်တွေကို မနှိုးကြားဖို့ လေ့ကျင့်နိုင်ပြီး အတွင်းစိတ်တွေကိုပါ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ တရားထိုင်ခြင်းဆိုတာ စိတ်ကို ပင်ကိုအနေထားရောက်ရှိစေပြီး အထူးထိန်းချုပ်စရာမလိုပဲ ထိန်းချုပ်ထားတဲ့ အခြေနေကို အလိုအလျောက် ရောက်ရှိစေနိုင်ပါတယ်။" ဟု ဆရာတော် ဘဒ္ဒန္တကုသလမှ မိန့်ဆိုခဲ့ပါသည်။

 

ဘာသာရေးရှုထောင့်ကဖြစ်စေ  သိပ္ပံပညာ၏သုတေသနအရဖြစ်စေ တရားထိုင်ခြင်းသည် လူသားတို့၏ ဦးနှောက်အတွက် အကျိုးရှိကြောင်း အတည်ပြုလာခဲ့ကြပြီး၊ ထို့အပြင် ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေး ချစ်မြတ်နိုးခြင်း လုပ်ငန်းများအတွက် ကြိုးပမ်းလိုသည့် ဆန္ဒများ ရှိနေကြသည်။ ပါမောက္ခ Michael von Brück ပြောကြားခဲ့သည့်အတိုင်း စိတ်ပျှော်ရွှင်ခြင်းသည် လှုံ့ဆော်ချက်အားလုံး၏ အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ ၂၀၂၀ခုနှစ် ဒုတိယကြိမ်မြောက် စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းသည် ဘဝငြိမ်းချမ်းရေး တက္ကသိုလ်၏ ရှေ့တန်းဖြစ်ပြီး ဤတက္ကသိုလ်ကြီးသည် လူသားတို့၏ အနာဂတ်အား ရည်စူး၍ ဆရာတော် ဘဒ္ဒန္တကုသလမှ တည်ထောင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သော တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ဆရာတော်ကြီး၏ ဦးဆောင်မှုနှင့် ကမ္ဘာအရပ်ရပ်မှ ကျော်ကြားသည့် ပညာရှင်များ၏ ကူညီပံ့ပိုးပေးမှုတို့ကြောင့် ဤတက္ကသိုလ်ကြီးသည် မကြာမီအချိန်အတွင်းတွင် မြန်မာနိုင်ငံ၌ အောင်မြင်စွာ တည်ထောင်နိုင်ပြီး ကမ္ဘာမြေကြီး၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အကျိုးများကို ထမ်းဆာင်နိုင်တော့မည် ဖြစ်ပါသည်။


 Chinese 中文

 

Back Home