最新訊息

ဘဝငြိမ်းချမ်းရေးတက္ကသိုလ် စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်း

2021-01-06

 ၂၀၁၉ခုနှစ် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်း  စိတ်ပိုင်းဆိုင်ရာ အသိပညာနှင့် သိပ္ပံပညာရပ်များအား ပူးပေါင်းထားသော ပညာရေးမှတ်တိုင်သစ်

၂၀၁၉ခုနှစ် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းဖွင့်ပွဲအား ဇန်နဝါရီလ ၁၀ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ၎င်းဆောင်းရာသီသင်တန်း၏ ခေါင်းစဉ်မှာ ဂေဟစနစ်အကျပ်အတည်း၏အရင်းအမြစ်များကို ဖြေရှင်းခြင်း ---နည်းဗျူဟာသစ်တစ်ခုဆီသို့ ဖြစ်ပြီး သင်တန်းချိန်မှာ ၁၄ရက်ဖြစ်သည်။ ထိုသင်တန်းချိန်နှစ်ပတ်အတွင်းတွင် ကမ္ဘာအရပ်ရပ်မှ ထင်ရှားကျော်ကြားသည့် ပညာရှင်၁၂ဦးတို့သည် သင်တန်းသားများအား အုပ်စုခွဲ၍ သင်ကြားပို့ချခဲ့သောကြောင့် သင်တန်းသားတို့သည်အပြန်အလှန်လေ့လာသင်ယူပြီး လူသားတို့၏ လက်ရှိရင်ဆိုင်နေရသော လူနေမှုဆိုင်ရာ အကျပ်အတည်းများအား ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများကို စိတ်ညီလက်ညီ သုတေသနပြုလုပ်ခဲ့ပါသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလတွင်ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့အစည်း (IPCC)မှ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းသတိပေးချက်တွင် ကမ္ဘာမြေကြီးသည် ၂၀၃၀ပြည့်နှစ်တွင် အပူချိန်ကန့်သတ်ချက် ၁.၅ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန်နိုင်ချေရှိပြီး ၎င်းအခါတွင် ရာသီဥတု ဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု ဖော်ပြခဲ့လေသည်။ ကမ္ဘာမြေကြီး၏ အပူချိန်မြင့်တက်ခြင်းကြောင့် တချိန်က ဆီးနှင်းများ ဖုံးလွှမ်းထားသည့် မြောက်ဝင်ရိုးစွန်းတွင် ရေခဲပြင်များ ပျောက်ကွယ်သွားခြင်း၊ နွေရာသီတွင်အလွန်ပူပြင်းခြင်းများ ဖြစ်ပွားလာ၍ ပင်လယ်ရေအောက်ရှိ သန္တာကျောက်တန်းများသည်လည်း ၉၀ရာခိုင်နှုန်းကျော် သေဆုံးသွားနိုင်မည်ဖြစ်သည်။ နောက်ဆက်တွဲ ပင်လယ်ရေမျက်နှာပြင်သည်လည်း မြင့်တက်လာကာ ကမ်းရိုးတန်းမြို့အများအပြားသည် ရေအောက်သို့ နှစ်မြှပ်ပျောက်ကွယ်သွားနိုင်သည်။ ထိုအခါတွင် ကမ်းရိုးတမ်းအနီးရှိ နိုင်ငံများသည်လည်း ၎င်းတို့၏ ပထဝီနယ်နိမိတ်များကို ပြန်လည်သတ်မှတ်ရန် လိုအပ်လာကြလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာမြေကြီးအား ၎င်းအခြေအနေသို့ မရောက်ရှိစေရန် လူသားတို့သည် ကြိုးစားရန် အချိန်၁၂နှစ်ခန့်သာ ကျန်ရှိတော့မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဇီဝမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းနှင့် ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်ပျက်စီးသွားခြင်းတို့ကြောင့် လူသားတို့၏ လူနေမှုဘဝသည် ပြိုကွဲလုနီးပါး အခြေနေသို့ ရောက်ရှိလာခဲ့သည်။ ထို့အတွက် ကျွန်ုပ်တို့သည် လူမျိုး၊ ဘာသာ မခွဲခြားပဲ အသိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးဆိုင်ရာများဖြင့် ပေါင်းစပ်ကာ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ရပ်အား နိုးဆော်နိုင်မှသာလျှင် ကမ္ဘာမြေကြီးသည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိ ဆရာတော်ကြီး အရှင်ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်အား ကမ္ဘာမြေကြီးချစ်မြတ်နိုးရေးလုပ်ငန်းအတွက် လက်တွေ့ကျသော နည်းလမ်းတစ်ခုအနေဖြင့် တည်ထောင်ခဲ့ခြင်းပင်ဖြစ်သည်။

ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးရေးနှင့်ပတ်သက်၍ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)က အောက်ပါအတိုင်း မိန့်ကြားခဲ့သည်။ “ ဂေဟဗေဒရဲ့ အရင်းမြစ်ဟာ သတ္တဝါတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ပါပဲ။ သက်ရှိ၏အဆက်မှာ အသိဉာဏ်ဖြစ်ပြီး၊ သတ္တဝါတို့ရဲ့ အတွင်းစိတ်တွေဟာ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ကြောင့် အချင်းချင်းဆက်နွယ်နေပြီး သက်ရှိတွေဟာလည်း ဒါကြောင့်အဆက်မပြတ် ရှင်သန်နေရတာပါ။ အကယ်၍ ဒီဂေဟဗေဒစနစ်ကြီးနဲ့ ဆရာတော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ဟာ တစ်ထပ်တည်းကျနိုင်မယ်ဆိုရင် ဆရာတော်တို့ရဲ့ ဂေဟဗေဒစနစ်ကြီးထဲက သတ္တဝါတွေအားလုံးဟာ ကောင်းတဲ့အပြန်အလှန်ချိတ်ဆက်မှုတွေ ရရှိလာမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်လာမယ်၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီတကဲ့သို့ အတူတကွ ယှဉ်တွဲနေထိုင်လာနိုင်မယ်။ ဒီလိုမှမဟုတ်ပဲ ဆရာတော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ဟာ နိမ့်ဆင်းနေမယ်ဆိုရင် ဆရာတော်တို့ အသက်ရှင်သန်ရေးအတွက် မှီခိုနေရတဲ့ အရာတွေအားလုံးဟာ လူတွေရဲ့ လောဘ၊ ဒေါသနဲ့ မောဟတွေကြောင့် ပျက်စီးသွားပြီး အားလုံးသောဇီဝမျိုးစိတ်များရဲ့ အသိဉာဏ်တွေဟာလည်း ဖျက်ဆီးခြင်းခံရလာမယ်။ ဒီလိုနဲ့ ဆရာတော်တို့ရဲ့ ဂေဟဗေဒစနစ်ကြီးက အချိန်တိုအတွင်းမှာပဲ ပျက်သုန်းသွားနိုင်တယ်။”

ထို့ကြောင့် လူသားတို့သည် စိတ်ပိုင်းဆိုင်ရာအသိဉာဏ်များ နိုးကြားလာပြီး ကမ္ဘာမြေကြီး လက်ရှိရင်ဆိုင်နေရသော အန္တရာယ်များ၏ အရင်းမြစ်အား သိရှိလာနိုင်ကာ နည်းစနစ်ကျသော သိပ္ပံပညာရပ်များဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော လူနေမှုပုံစံသစ်တစ်ခုအား ဖန်တီးနိုင်မှသာလျှင် ကမ္ဘာမြေကြီးသည် ဂေဟဗေဒအကျပ်အတည်းများအား ကျော်လွှားနိုင်လိမ့်မည်ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ဆိုခဲ့သည်။ 

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ဒုတိယကြိမ်မြှောက် အကြံပေးအစည်းအဝေးသည် ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံအသီးသီးမှ ကျွမ်းကျင်သော ပညာရှင် ၆၀ ကျော်ခန့် အစည်းအဝေးတက်ရောက်လာနိုင်၍ ၎င်းပညာရှင်များသည် ဆေးပညာ၊ ဇီဝဗေဒ၊ သက်ရှိသိပ္ပံပညာ၊ ဒဿနိကဗေဒ၊ လူ့ကျင့်ဝတ်ပညာ၊ ဘောဂဗေဒ၊ လူမှုဗေဒ၊ ဥပဒေပညာ၊ ဘာသာရေး စသည့်ပညာရပ်များ၌ ထူးချွန်သူများဖြစ်ကြပြီး ၎င်းတို့သည် အကြံပေးကော်မတီအသီးသီးဖွဲ့စည်း၍ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်ရေးအတွက် လမ်းညွန်ချက်များ၊ သင်ရိုးညွှန်းတန်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဂျာမနီနိုင်ငံမှ ပါမောက္ခ Michael von Brück သည် ၎င်းအစည်းအဝေးအားဦးဆောင်၍ တက္ကသိုလ်ကြီးတည်ထောင်ရေးအတွက် မိမိတတ်စွမ်းသမျှအသိပညာများဖြင့် ကူညီပံ့ပိုးပေးခဲ့ပါသည်။

► English(ver.)

Chinese 中文

Back Home