最新訊息

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်း စတင်ဖွင့်လှစ်၊ ၁၅နိုင်ငံမှ ထူးချွန်သည့် ပညာရှင်နှင့် သင်တန်းသားများ တက်ရောက်၍ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးရေးဆိုင်ရာ ကိစ္စရပ်များ တိုင်ပင်ဆွေးနွေး

2021-01-25

 

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းသည် ယခုလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂျာမနီ၊ အမေရိကန်၊ တရုတ်စသည့် နိုင်ငံပေါင်း ၁၅နိုင်ငံမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ၆၀ကျော်တို့သည် "ဆုံးဖြတ်ချက်ချမှတ်ခြင်း"ဟုသည့် သင်တန်းခေါင်းစဥ်အောက်တွင် အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် ဂေဟစနစ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား သင်ကြားပို့ချ၍ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ပြုလုပ်ကာ ဂေဟဗေဒစနစ်ကြီး၏ အကျပ်အတည်းများအား မည်သို့ရင်ဆိုင်သင့်ကြောင်း၊ ၎င်းနှင့်ပတ်သက်သည့် လုပ်ငန်းများအတွက် မည်သည့် စည်းမျဉ်းများ ချမှတ်သင့်ကြောင်း၊ ထိုစည်းမျဉ်းများအား မည်သို့ လိုက်နာကျင့်သုံးသင့်ကြောင့် စသည့်အကြောင်းအရာများကို အတူတကွ ဆွေးနွေးတိုင်ပင်ကြလိမ့်မည်ဖြစ်သည်။

 

တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်း၏ သင်တန်းဖွင့်ပွဲအား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည်လည်း အွန်လိုင်းမှတစ်ဆင့် သင်တန်းသို့ ရောက်ရှိလာသော ဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားတို့အား နှုတ်ဆက်စကား မိန့်ကြားခဲ့ပါသည်။ ဆရာတော် အရှင်စင်တောက်သည် ဆရာ၊ ဆရာမများအား တစ်ဦးချင်းစီ နှုတ်ဆက်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသည့် သင်တန်းသူ၊ သင်တန်းသားတို့ကိုလည်း နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ဆရာတော်က ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အွန်လိုင်းမှတစ်ဆင့် လူသားတို့နှင့် ကမ္ဘာမြေကြီးအတွက် ဂေဟဗေဒစနစ် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် နည်းလမ်းကောင်းများ အတူတကွ ဆွေးနွေးနိုင်သည်မှာ အလွန်ပင် မလွယ်ကူလှကြောင်း၊ ၎င်းထိန်းသိမ်းရေးလုပ်ငန်းများသည် ကျွန်ုပ်တို့ လူသားအားလုံးထမ်းဆောင်ရမည့် တာဝန်ဖြစ်ကြောင်းနှင့် ယခုဆောင်းရာသီသင်တန်း၏ ခေါင်းစဉ် "ဆုံးဖြတ်ချက်ချမှတ်ခြင်း--- ဂေဟဗေဒစနစ်ကြီး၏ မျက်မှောက်အကျပ်အတည်းများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ စည်းမျဉ်းများ မည်သို့ချမှတ်၍ မည်သို့လုပ်ဆောင်သင့်သနည်း"ဆိုသည်မှာလည်း အလွန်ပင် အဓိပ္ပာယ်ရှိကြောင်း မိန့်ဆိုခဲ့သည်။

 

ထို့နောက် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)က ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာမြေကြီးအား မိမိတို့၏ အိုးအိမ်အဖြစ် ခံယူထားသင့်ကြောင်းကိုလည်း ဆုံးမခဲ့သည်။  ကမ္ဘာမြေပေါ်ရှိ သက်ရှိ၊ သက်မဲ့ သတ္တဝါအပေါင်းတို့သည် ကျွန်ုပ်တို့၏ မိသားစုဝင်များဖြစ်ပြီး ကျွန်ုပ်တို့အားလုံးသည် အချင်းချင်း အပြန်အလှန် မှီခို၍ ရှင်သန်နေကြသောကြောင့် အချင်းချင်း ရိုင်းပင်းမှီခိုမှသာလျှင် ရေရှည်ရှင်သန်နိုင်ကြမည်ဖြစ်သည်။ ဂေဟဗေဒစနစ်၏ တန်ဖိုးမှာ ကျွန်နိုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နှင့် ဂေဟဗေဒစနစ်အကြားမှ ဆက်သွယ်မှုပင်ဖြစ်သည်။  စိတ်ပိုင်းဆိုင်ရာအသိဉာဏ်မှာ ဂေဟဗေဒစနစ်တစ်ခုဖြစ်သကဲ့သို့ ဂေဟဗေဒစနစ်မှာလည်း  စိတ်ပိုင်းဆိုင်ရာအသိဉာဏ် တစ်မျိုးပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သတ္တဝါအပေါင်းတို့သည် သူ့တန်ဖိုးနှင့်သူ ရှင်သန်နေကြရာ အချင်းချင်း ရိုင်းပင်းမှီခို၍ သဟဇာတဖြစ်အောင် နေထိုင်ကြရမည် ဖြစ်သည်။  ကမ္ဘာပေါ်ရှိ သတ္တဝါအပေါင်းတို့၏ အဆင့်အတန်းသည် တန်းတူညီမျှရှိကြလေရာ ကျွန်ုပ်တို့သည် အချင်းချင်းရိုသေလေးစား၍ တစ်ဦးကိုတစ်ဦး သည်းညည်းခံကာ မေတ္တာစေတနာစိတ်ဖြင့် သတ္တဝါအပေါင်းတို့အား ပေါင်းသင်းဆက်ဆံရမည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့် သတ္တဝါအပေါင်းတို့သည် တူညီသည့် စိတ်ပိုင်းဆိုင်ရာ အသိစိတ်အရ အပြန်အလှန် မှီကိုးနေထိုင်ရမည်ဖြစ်ပြီး အချင်းချင်း ဖျက်ဆီးရမည့် အရာများ မဟုတ်ပါချေ။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အခြေခံ ခံယူချက်နှင့် နိုးကြားလာသည့် အင်အားများဖြင့် လုပ်ငန်းအရပ်ရပ်၊ နယ်ပယ်အရပ်ရပ်တို့အား ပေါင်းစပ်နိုင်မှသာလျှင် အရာအားလုံး ပြီးပြည့်စုံ၍ သဟာဇာတဖြစ်သော ဂေဟဗေဒစနစ်ကြီးတစ်ခုအား တည်ဆောက်နိုင်မည်ဖြစ်သည်။

 

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာ Michael von Brückက သင်တန်းဖွင့်ပွဲတွင် ဤတက္ကသိုလ်ကြီးသည် ကမ္ဘာမြေကြီး၏ ဂေဟဗေဒဆိုင်ရာ အကျပ်အတည်းများအား ဖြေရှင်းရန်အတွက် တည်ထောင်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်းနှင့် လူသားတို့သည် အကျပ်အတည်းများအား ဖန်တီးနိုင်သကဲ့သို့ ထိုအကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်သည့် စွမ်းအားများရှိကြောင်း ပြောကြားခဲ့လေသည်။ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည် ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်အား ဂရုပြု၍ ကမ္ဘာမြေကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးခြင်းသည် ဆရာတော်၏ အဓိက လက်သုံးစကားဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ ရည်မှန်းချက်မှာ လူသားအား ဗဟိုပြုသည့် ဂေဟဗေဒသဘောထားများအား ပြောင်းလဲ၍ သတ္တဝါအားလုံး၏ နေထိုင်မှုပုံစံနှင့် ရှင်သန်ခွင့်များအား လေးစားစေလိုကြောင်းကိုလည်း ဒေါက်တာ Michael von Brückမှ ရှင်းလင်းပြောကြားခဲ့သည်။ 

 

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အဓိက တာဝန်ခံဖြစ်သည့် ရှန်ယွဲ့ဆရာလေးက ယခုဆောင်းရာသီသင်တန်းအား တက်ရောက်ရန် စာရင်းလာရောက်ပေးသွင်းထားသည့် သင်တန်းသားဦးရေမှာ စုစုပေါင်း ၅၇ဦးရှိပြီး အရင်နှစ်များထက် နှစ်ဆ တိုးမြှင့်လာကြောင်း မိန့်ကြားခဲ့သည်။ သင်တန်းသားဦးရေ တိုးမြှင့်လာရခြင်းမှာ လူသားတို့သည် ကပ်ရောဂါကြီးအား ရင်ဆိုင်နေရသော်လည်း ကမ္ဘာမြေကြီး၏ ဂေဟဗေဒဆိုင်ရာ အကျပ်အတည်းအား အမြန်ဆုံး ဖြေရှင်းသင့်သည်ဟု ခံယူထားကြသောကြောင့်ဟု  ရှန်ယွဲ့ဆရာလေးက ယူဆသည်။ ယခုသင်တန်းသို့ ရောက်ရှိလာသည့် သင်တန်းသားများထဲမှ သင်တန်းသား၂၀ဦးသည် ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာနှင့် ပတ်သက်သည့် ပညာရပ်များအား ဆည်းပူးကြသူများ ဖြစ်ကြလေရာ ဆရာလေးရှန်ယွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား နားလည်ကျွမ်းကျင်သည့် ၎င်းသင်တန်းသားများအား စုဆည်း၍ ၎င်းတို့အား ကမ္ဘာမြေကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အတူကြိုးပမ်းစေလိုသည်။

 

ဆရာလေးရှန်ယွဲ့က ပထမကြိမ်မြောက် ဆောင်းရာသီသင်တန်းနှင့် ဒုတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းတို့၏ အဓိကခေါင်းစဉ်မှာ " ပြောင်းလဲခြင်း"နှင့်  " ကုစားခြင်း"တို့ဖြစ်ပြီး ယခုသင်တန်း၏ အဓိကခေါင်းစဉ်မှာ " ဆုံးဖြတ်ချက်ချမှတ်ခြင်း" ဖြစ်ကာ ဤသို့သော ခေါင်းစဉ်ပေးထားရခြင်းမှာ သင်တန်းသူ၊ သင်တန်းသားတို့အား နယ်ပယ်အသီးသီး ပေါင်းစပ်ထားသည့် အွန်လိုင်းသင်ကြားရေးစနစ်နှင့် အွန်လိုင်းဆွေးနွေးမှုများဖြင့် ပညာရပ်နယ်ပယ်တစ်ခုထဲတွင်မဟုတ်ပဲ နယ်ပယ်အရပ်ရပ်မှ စဉ်းစားတွေးခေါ်သည့် နည်းစနစ်များနှင့် ဉာဏ်ပညာများကို ရယူစေလို၍ ဖြစ်သည်ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီအများစုသည် ၎င်းတို့၏လုပ်ငန်းအား "အတူတကွရှင်သန်နိုင်ရေး"ရှုထောင့်ဘက်မှ စဉ်းစားလာကြ ပြီဖြစ်သည်။ ဥပမာအားဖြင့် ကုမ္ပဏီအတွင်း ပတ်ဝန်းကျင်အား ညစ်ညမ်းစေမည့် အရာပစ္စည်းများ ထုတ်လုပ်မိသောအခါ ကုမ္ပဏီသည် ၎င်းပစ္စည်းများအား ကိုယ်တိုင်ပြန်လည်သန့်စင်၍ အသုံးပြုခြင်းများ၊ သို့မဟုတ် အခြားကုမ္ပဏီလိုအပ်သော ပစ္စည်းများအဖြစ် ပြောင်းလဲပေးခြင်းများ ပြုလုပ်လာတတ်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဤကဲ့သို့သော အတူတကွရှင်သန်နိုင်သည့် အသိဉာဏ်ရှိမှသာလျှင် သဘာဝပတ်ဝန်းကျင်ရော လူသားတို့ပါ အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။

 

ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ် ဆေးဘက်ဆိုင်ရာစိတ်ပညာဌာနမှ ပါမောက္ခ Ernst Poppelက "ဆုံးဖြတ်ချက် ချမှတ်နိုင်သော လူသားတို့၏ မွေးရာပါစွမ်းရည်---အာရုံကြောသိပ္ပံပညာရှင်၏ရှုထောင့်မှ ခြုံငုံသုံးသပ်ခြင်း"ဟူသည့်ခေါင်းစဉ်ဖြင့် အာရုံကြောသိပ္ပံပညာရှုထောင့်မှ လူသားတို့၏ ဆုံးဖြတ်ချက်ချမှတ်ပုံ၊ စိတ်ခံစားမှုများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ်၌ သြဇာသက်ရောက်ပုံ၊ လူသားတို့သည် ဆုံးဖြတ်ချက်ချမှတ်စဉ် လျင်မြန်မှုနှင့် တစ်ခုတည်းသော အကျိုးသက်ရောက်မှုကိုသာ မှားယွင်းသတိပြုမိပုံ စသည့်အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။ ပါမောက္ခ Ernst Poppel၏ စိတ်ဝင်စားဖွယ်ကောင်းသော ပို့ချမှုများသည် သင်တန်းသားတို့အား စိတ်အားထက်သန်စေခဲ့ပြီး သင်တန်းသားများက ဆုံးဖြတ်ချက်ချမှတ်ချိန်တွင် မတူညီသည့် ရှုထောင့်အမျိုးမျိုးအား ဟန်ချက်ကိုက်ညီရန် မည်သို့ ကိုင်တွယ်သင့်ကြောင်း၊ တက္ကသိုလ်ကျောင်းသားများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အသိဉာဏ်ပညာအား မည်သို့တိုးမြှင့်နိုင်ကြောင်း စသည့်မေးခွန်းများအား ဆက်လက် မေးမြန်းခဲ့ရာ ပါမောက္ခ Ernst Poppelမှလည်း စိတ်ရှည်ရှည်ဖြင့် ဖြေကြားပေးခဲ့ပါသည်။

 

အချိန်နှစ်နာရီမျှကြာမြင့်သော အွန်လိုင်းဆွေးနွေးပွဲကြီးသည် ပါဝင်သူအားလုံး၏ စိတ်အားထက်သန်သည့် တုံ့ပြန်မှုများကို ရယူနိုင်ခဲ့သည်။ ဆွေးနွေးပွဲအဆုံးတွင် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)မှ ဦးဆောင်ကာ တရားထိုင်ခြင်းဖြင့် အားလုံး၏ ကိုယ်စိတ်နှလုံးအား ပြန်လည်တည်ငြိမ်စေခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ထိုနေရာ၌ပင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းကြီး၏ နောင်လာမည့် သင်တန်းချိန်များတွင် ဆက်လက်ဖြစ်ပေါ်လာမည့် အခြားဆွေးနွေးမှုများသည်လည်း အလွန်ပင် မျှော်လင့်စရာ ကောင်းနေပါလေတော့သည်။

​► English 英文

中文 Chinese

Back Home