最新訊息

တတိယကြိမ်မြောက် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ဆောင်းရာသီသင်တန်း အောင်မြင်စွာပြီးဆုံး၊...

2021-02-08

တတိယကြိမ်မြောက် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ဆောင်းရာသီသင်တန်း အောင်မြင်စွာပြီးဆုံး၊ ဝိညာဏဂေဟဗေဒအယူအဆများနှင့် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ထောက်ခံအားပေး

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ တတိယကြိမ်မြောက် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်းသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၂၊ ၂၃၊ ၂၉၊ ၃၀ရက်များတွင် မြန်မာစံတော်ချိန် ၆နာရီ ၃၀မိနစ်မှ ၈နာရီ ၃၀မိနစ်ထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ရာ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်နှင့် မြန်မာနိုင်ငံစသည့် နိုင်ငံပေါင်း၁၆နိုင်ငံမှ သင်တန်းသား ၁၀၀ကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ၎င်းသင်တန်းသည် အွန်လိုင်းသင်ကြားရေးစနစ် ဖြင့် အုပ်စုဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စိတ်ပညာ၊ လူမှုရေးသိပ္ပံပညာ၊ စီးပွားရေးပညာနှင့် သဘာဝပတ်ဝန်းကျင်သိပ္ပံပညာ စသည့် ပညာနယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် သုတေသီများ၊ ပညာရှင်များအား ဖိတ်ကြားကာ ကမ္ဘာမြေကြီးချစ်မြတ်နိုးရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ဤဆောင်းရာသီသင်တန်းသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် ပြီးဆုံးခဲ့လေရာ သင်တန်းများသည်လည်း ထိုနေ့တွင်ပင် ၎င်းတို့၏ ဆွေးနွေးမှုရလာဒ်များအား စိတ်အားထက်သန်စွာ မျှဝေခဲ့ကြသည်။

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)က ဘဝငြိမ်းချမ်းရေးတက္ကသိုလ်သည် ဝိညာဏဂေဟဗေဒအယူအဆအား အားပေးထောက်ခံ၍ ဂေဟဗေဒစနစ်အား လေးစားခြင်း၊ ဂရုပြုခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကိုလည်း အလေးပေးခြင်းသည် လူသားတို့နှင့် ကမ္ဘာမြေကြီးအပေါ် တည်တံ့ခိုင်မြဲ၍ ကိုယ်ကျိုးမဲ့သော မေတ္တာစေတနာစိတ်များ ထားရှိသောကြောင့်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ဆရာတော်သည် သင်တန်းချိန်တွင်း သင်တန်းပို့ချသည့် ပါမောက္ခများသည် မိမိတတ်ကျွမ်းသမျှ အသိပညာများအား မိမိသင်ကြားသည့် အုပ်စုမှ သင်တန်းသားများထံသို့ အိတ်သွန်ဖာမှောက် ပို့ချခဲ့သကဲ့သို့ သင်တန်းသားများသည်လည်း ဝယ်ယူသုံးစွဲမှုနှင့် ဂေဟဗေဒ၊ မတူညီသော ယဉ်ကျေးမှုအား ကျော်လွှား၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဂေဟဗေဒအပေါ် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၏ သက်ရောက်မှုများ စသည့်အကြောင်းအရာများအား အွန်လိုင်းမှတစ်ဆင့် အားတက်စွာ ဆွေးနွေးခဲ့ကြရာ တခါတရံ အချိန်လေး၊ ငါးနာရီကြာ မရပ်မနား ဆွေးနွေးခဲ့ကြသည်ဟု မိန့်ဆိုခဲ့သည်။ အွန်လိုင်းပို့ချမှုစနစ်သည် အချိန်ဒေသမရွေး လွယ်ကူစွာ ကျင်းပနိုင်သည့် အားသာချက်ရှိလေရာ နောက်နောင်တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အင်တာနက်ပလက်ဖောင်းများ ချိတ်ဆက်၍ ကျင်းပခဲ့သော တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းသည် ရလာဒ်ကောင်းများ ပိုမိုများပြား၍ ပိုမိုတက်ကြွခဲ့သည်ဟုလည်း ဆရာတော်က မိန့်ကြားခဲ့ပါသည်။

ဂျာမနီနိုင်ငံ Konstanz တက္ကသိုလ်မှ ဘောဂဗေဒပါရဂူ ပါမောက္ခ Martin Kolmarသည် စီးပွားရေးရှုထောင့်မှ ရာသီဥတုဆိုင်ရာအကျပ်အတည်းများအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ရာသီဥတုသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွားတစ်ရပ်ဖြစ်သည်ဟု ပါမောက္ခ Martin Kolmarက ဆိုသည်။ ဘောဂဗေဒပညာရှင်များသည် စီးပွားရေးအား သုတေသနပြုလုပ်ရာတွင် ပြင်ပအချက်အလက်များနှင့် အပြန်အလှန်ဆက်နွယ်မှုအား ထည့်သွင်းစဉ်းစားရမည်ဟု ယူဆကြသည်။ ၎င်းအယူအဆသည် ဗုဒ္ဓဘာသာ၏ သတ္တဝါပေါင်း အချင်းချင်း သက်ရောက်မှုရှိ၍ အချင်းချင်းမှီတင်းနေထိုင်ရသည်ဟူသည့် အယူဝါဒနှင့် ထပ်တူဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကြောင်းအရာအပေါင်းတို့၏ အချင်းချင်း သက်ရောက်မှုကို ထည့်တွင်းစဉ်းစားနိုင်ပါက ထိရောက်သော ဖြေရှင်းချက်များအား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်သည်ဟု ပါမောက္ခ Martin Kolmarက ပြောကြားခဲ့လေသည်။

ဂျာမနီနိုင်ငံ မြူးနစ်တက္ကသိုလ် ဆေးဘက်ဆိုင်ရာစိတ်ပညာဌာနမှ ပါမောက္ခ Ernst Poppelက "ဆုံးဖြတ်ချက် ချမှတ်နိုင်သော လူသားတို့၏ မွေးရာပါစွမ်းရည်---အာရုံကြောသိပ္ပံပညာရှင်၏ရှုထောင့်မှ ခြုံငုံသုံးသပ်ခြင်း"ဟူသည့်ခေါင်းစဉ်ဖြင့် အာရုံကြောသိပ္ပံပညာရှုထောင့်မှ လူသားတို့၏ ဆုံးဖြတ်ချက်ချမှတ်ပုံ၊ စိတ်ခံစားမှုများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ်၌ သြဇာသက်ရောက်ပုံ၊ လူသားတို့သည် ဆုံးဖြတ်ချက်ချမှတ်စဉ် လျင်မြန်မှုနှင့် တစ်ခုတည်းသော အကျိုးသက်ရောက်မှုကိုသာ မှားယွင်းသတိပြုမိပုံ စသည့်အကြောင်းအရာများအား သင်ကြားပို့ချခဲ့သည်။

သင်တန်းသားများ မျှဝေသည့် ၎င်းတို့၏ သင်တန်းတွင်း ဆွေးနွေးမှုရလာဒ်များသည်လည်း လူအများတို့အား အံ့သြချီးမွမ်းစေခဲ့ကြသည်။ သင်တန်းသားတစ်စုသည် ဗွီဒီယိုဖိုင်ဖြင့် မိမိတို့၏ ဝယ်ယူမှုအလေ့အထများအပေါ် သက်ရောက်မှုရှိသည့် အကြောင်းအရာများအား မျှဝေပြောဆိုခဲ့ပြီး လူသားများ ဈေးဝယ်ရာတွင် ကမ္ဘာမြေကြီးထိန်းသိမ်းစောင့်ရှောက်ရေးအား ထည့်သွင်းစဉ်းစားပေးခြင်းဖြင့် ကမ္ဘာမြေကြီးအား ပိုမိုချစ်မြတ်နိုးပေးကြပါရန် မေတ္တာရပ်ခံခဲ့ကြသည်။

အခြားသင်တန်းသားတစ်စုက လူသားများ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ၎င်းတို့၏ နောက်ခံယဉ်ကျေးမှု၏ သက်ရောက်မှုအား ဆွေးနွေးခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ပြုလုပ်သမျှ မိမိတို့အပေါ် တန်ပြန်ရောက်ရှိနိုင်သည်ဟု ယုံကြည်သည့်အလျောက် ကမ္ဘာမြေကြီးအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ကိုလည်း ယုံကြည်ထားကြသည်။ ခရစ်ယာန်ဘာသာဝင်များကမူ ကမ္ဘာမြေကြီးသည် ဘုရားသခင် ဖန်တီးထားသည့်အရာဖြစ်သည်ဟု ယုံကြည်ကြလေရာ လူသားများသည် ဘုရားသခင် ဖန်တီးထားသည့် သဘာပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းထားရမည်ဟု ယုံကြည်ထားကြသူများဖြစ်သည်။ ၎င်းသင်တန်းသားတို့၏ ဆွေးနွေးချက်များတွင် အရှေ့တိုင်းနိုင်ငံနှင့် အနောက်တိုင်းနိုင်ငံတို့၏ ယဉ်ကျေးမှု ကွာခြားကွဲပြားပုံကိုလည်း ဆွေးနွေးခဲ့ကြရာ နောက်ခံယဉ်ကျေးမှု မတူညီသောသူများနှင့် စကားပြောဆိုရာတွင် ကြိုတင်ထင်မြင်ချက်များ မချမှတ်ထားကြပါရန်လည်း ပြောကြားခဲ့ကြသည်။

သင်တန်းသားအချို့က လေထုညစ်ညမ်းမှု၊ ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့် လူနေမှုပတ်ဝန်းကျင်ဆူညံမှုများသည် မြို့ပြများ လျင်မြန်စွာ တိုးများလာခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ(SDGs)အရ လူသားတို့သည် ကမ္ဘာမြေကြီး၏ ရေရှည်တည်တံ့ခိုင်မြဲမှုအား အရေးပေးလာသည်ကို မြင်တွေ့နိုင်သည်။ ထိုရည်မှန်းချက်ပန်းတိုင်များတွင် ပါဝင်သည့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် စက်ဘီးစီးခြင်းတို့အား အားပေးတိုက်တွန်းခြင်း စသည့်အချက်များသည် ကျွန်ုပ်တို့အားလုံး အလွယ်တကူ လုပ်ဆောင်နိုင်၍ ကာဗွန်ထုတ်လုပ်မှုများ လျှော့ချနိုင်ပြီး ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် အပြုအမှုများပင်ဖြစ်သည်။

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ တတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းသည် နှစ်လိုအားရဖွယ်ကောင်းသည့် ဆွေးနွေးမှုများဖြင့် အောင်မြင်စွာ နိဂုံးချုပ်နိုင်ခဲ့လေသည်။ သင်တန်းအဆုံးတွင် သင်တန်းသားများသည် အွန်လိုင်းရုပ်သံများမှတစ်ဆင့် လက်များဝှေ့ရမ်းကာ နှုတ်ဆက်ခဲ့ကြပြီး နောင်နှစ်တွင်ပြန်တွေ့ဆုံကြမည်ဟုလည်း ပြောဆိုခဲ့ကြသည်။

English

► Chinese 中文

Back Home